Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, January 01, 2012

ခိုင်မာတဲ့ ယုံကြည်ချက်လေးကြောင့်သာ...


အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ John Roebling ဟာ တကယ့်ကို ခန်းနားကြီးကျယ်တဲ့ တံတားတစ်စင်း ဆောက်လုပ်ဖို့ စိတ်ကူးရနေပါတယ်။ အဲဒီတံတားကတော့ New York မြို့နဲ့ Brooklyn မြို့ကို ဆက်သွယ်မယ့် တံတားပါ။ သူ့အကြံအစည်ကို သူ့မိတ်ဆွေ အပေါင်းအသင်းတွေကို ပြောပြချိန်မှာတော့ New York နဲ့ Mahattan မြို့နဲ့ Brooklyn မြို့နှစ်မြို့ကြားက မြစ်ဟာ သိပ်ကို ရှည်လျားလှပြီး တံတားဆောက်ဖို့ ခက်ခဲလွန်းတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် Roebling ကတော့ နည်းနည်းလေးမှ ယုံကြည်မှုတွေ လျော့ မသွားခဲ့ပါဘူး။


ဘယ်လိုပဲ တခြားသူတွေက မဖြစ်နိုင်ဘူး ပြောပြော လက်မခံနိုင်လောက်အောင် ယုံကြည်မှုပြင်းထန်တဲ့ Roebling ဟာ သူ့ရဲ့ သားဖြစ်သူ Washington Roebling နဲ့ ဆွေးနွေးတိုင်ပင်ပါတယ်။ Washington က အင်ဂျင်နီယာ တစ်ဦးဖြစ်သလို၊ ဖခင်ရဲ့ ပြင်းထန်တဲ့ စိတ်ဓါတ်ကို တွေ့ရတော့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ အင်ဂျင်နီယာတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ စုစည်းပြီး သားအဖနှစ်ယောက် စပြီး တံတားဆောက်ကြပါတယ်။

တံတားဆောက်လုပ်ရေးက စတင်ပါပြီ။ John Roebling ကတော့ သူ့စိတ်ကူးထဲက တံတားကို ဆောက်လုပ်ရတာ ဖြစ်တဲ့အတွက် အလွန်ကို တက်ကြွနေပါတော့တယ်။ ဒါပေမယ့် စိတ်မကောင်းစရာ အဖြစ်အပျက်ကလည်း ကြုံလာခဲ့ရပါတယ်။ တံတားဆောက်လုပ်ရာမှာ မတော်တဆ ပြိုပျက်မှုတွေ ဖြစ်လာခဲ့ပြီး ဆောက်လုပ်ရေးလုပ်သားများ များစွာနဲ့ ဒီစီမံကိန်းကို စတင်တဲ့ John Roebling ဟာ ဆုံးပါးသွားခဲ့ရပါတယ်။ သားဖြစ်သူ Washington Roebling ဟာလည်း ထိခိုက်ဒါဏ်ရာ အပြင်းအထန်ရပြီး သေကံ မရောက်ခဲ့ပေမယ့် သူ့ဘဝတစ်လျှောက်လုံးမှာ စကားမပြောနိုင်တော့သလို လမ်းလည်း မလျှောက်နိုင်တော့ ပါဘူး။ အိပ်ရာပေါ်မှာပဲ လဲလျောင်းနေရတော့မယ့် လူနာအဖြစ်နဲ့ ပေါ့လေ။ တကယ့်ကို ပြင်းထန်တဲ့ အခက်အခဲပါပဲ။

အဲဒီအဖြစ်အပျက် ဖြစ်သွားပြီးချိန်မှာတော့ အရင်ကတည်းက မဖြစ်နိုင်ပါဘူးလို့ ပြောခဲ့ကြတဲ့သူတွေအတွက် ပိုပြီး ပြောစရာ ဖြစ်သွားခဲ့ပါတယ်။
"ငါတို့ပြောသားပဲ မဖြစ်နိုင်ပါဘူးလို့..."
"အရူးနဲ့ အရူးအိပ်မက်တွေပါကွာ..." စသဖြင့် ပိုပြီး ဝေဖန် ပြစ်တင်ကြပါတယ်။

လူတွေကလည်း လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောနေကြသလို စတင်ပြီး ဒီတံတားဆောက်လုပ်ဖို့ စိတ်ကူးရခဲ့တဲ့ John Roebling ဟာလည်း သေဆုံးသွားပါပြီ။ ဒီမတော်တဆမှုမှာ လူအများလည်း သေကျေပျက်စီးခဲ့ရတဲ့ အတွက် အတော်များများက လန့်နေကြပါပြီ။ ဒီလို အနုတ်လက္ခဏာတွေချည်းပဲ ပြနေတဲ့အခြေအနေမှာ မလှုပ်ရှားနိုင်၊ စကားမပြောနိုင်တော့တဲ့ Washington က ဘာများ လုပ်နိုင်ပါ့မလဲနော်။ ဒါပေမယ့် ဒီလို အနေအထားမှာလည်း Washington ဟာ တံတားကို ဘယ်လိုပြီးဆုံးအောင် ဆောက်ရမလဲပဲ စဉ်းစားဆဲပါပဲ။ ဒီတံတားအတွက် သူ့ဖခင်ရဲ့ အသက်နဲ့ အလုပ်သမားများစွာရဲ့ အသက်ကိုလည်း စတေးခဲ့ရတယ် မဟုတ်လား။

Washington မှာ ဆန္ဒသာရှိပြီး အင်းအားမရှိပါ ဆိုသလို ခုတင်ပေါ်မက မလှုပ်ရှားနိုင်တဲ့ လူနာတစ်ယောက်အတွက် ဒီစိတ်ကူးဟာ အိပ်မက်လိုပါပဲ။ ဒါပေမယ့် Washington ရဲ့ စိတ်ထဲမှာ တံတားကို ဘယ်လိုပြီးအောင် ဆက်ဆောက်ရမလဲပဲ တွေးနေပါတယ်။ ဒီလိုနဲ့ တစ်နေ့ပြီး တစ်နေ့ ပေါ့လေ။ ဆေးရုံပေါ်က ခုတင်ထက်ကနေ နေရောင်ထွက်လာတာကို ကြည့်၊ နေဝင်တာကို ကြည့်ပြီးတဲ့ နေ့ပေါင်းများစွာ ဖြတ်သန်းပြီးချိန်မှာတော့ သူနေ့စဉ်မြင်နေကျ ကောင်းကင်ရယ်၊ သစ်ပင်ရယ်ကို ကြည့်ရင်းနဲ့ပဲ သူ့မှာ တံတား ပြီးဆုံးအောင် ဆောက်လုပ်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သွား ခဲ့ပါတယ်။

ဒါပေမယ့် Washington ဟာ စကားလည်း မပြောနိုင်၊ လှုပ်လည်း မလှုပ်ရှားနိုင်တော့ သူ့ရဲ့ နည်းလမ်းကို ပြောပြဖို့ အခက်တွေ့နေရှာပါတယ်။ အခက်အခဲတွေကတော့ တစ်ခုပြီးတစ်ခုပါပဲ။ ဒါပေမယ့် Washington အတွက် အခွင့်အရေးတစ်ခုက သူ့လက်ချောင်းလေးတွေ အနည်းငယ် လှုပ်ရှားနိုင်ပြီး သူ့မှာ အရမ်းစိတ်ရှည်အနွံတာခံတဲ့ ဇနီးသည် ရှိနေတာပါပဲ။ အကြောင်းကတော့ Washington ဟာ တံတားကို ဘယ်လို ဆက်ဆောက်ရမယ် ဆိုတဲ့နည်းလမ်းကို သူ့ရဲ့ လက်ချောင်းလေးတွေနဲ့ ပုံဖော်ပြသတာကြောင့်ပါပဲ။ ဆွံ့အနားမကြားသူတွေ သုံးတဲ့ Body Language သဘောပေါ့လေ။ ဒီလိုနဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ ပြန်စုစည်းပြီး တဖန် ပြန်လို့ တံတားကို ဆောက်ကြပြန်ပါတယ်။ လက်ကလည်း သိပ် မလှုပ်ရှားနိုင်တော့ တဖြည်းဖြည်းချင်းပဲ စီစဉ်ညွှန်ကြားနိုင်ပါတယ်။ သူညွှန်ကြားသလို သူ့ဇနီးကလည်း ဒီကာလတစ်လျှောက်လုံး သူ့ညွှန်ကြားမှုကို နားလည်အောင် တဖန် ဆောက်လုပ်ရေး လုပ်သားတွေကို ပြန် ညွှန်ကြားဖို့ဆိုတာ သိပ်ကို ခက်ခဲ နက်နဲတဲ့ ကိစ္စပါပဲ။ ဒါပေမယ့် နောက်ဆုံးတော့ အောင်မြင်ခဲ့ပါတယ်။ ၁၈၈၃ ခုနှစ်မှာတော့ ပေ ၅၉၈၉ ရှည်တဲ့ အံ့မခန်းဖွယ်ရာ တံတားကြီးတစ်စင်းကို တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ၁၈၈၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ ဒီတံတားကို စတင် ဖွင့်လှစ်ခဲ့ပြီး လူအများအသုံးဝင် တွင်ကျယ်လှတဲ့ တံတား ဖြစ်ခဲ့ပါတယ်။ အခုချိန်ထိလည်း ထူးခြားဆန်းပြားကြီးကျယ်လှတဲ့ တံတားအဖြစ် သမိုင်းဝင်နေပါတယ်။ တံတားတင်သာမက တံတားတည်ဆောက်သူ Roebling သားအဖရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်ကိုပါ ကမ္ဗည်းတင်ခံရပါတယ်။ ဒီစာစုကို ဖတ်ပြီးချိန် စိတ်ထဲမှာ စိတ်ဓါတ်ခွန်အား ဖြစ်စေတာ အမှန်ပါ။ Roebling သားအဖဟာ အခက်အခဲ၊ ပြဿနာ နောက်ဆုံး အသက်ဘေးကြုံတွေ့ရတာတောင် အလျှော့ မပေးဘဲ မိမိ ယုံကြည်မှုကို မဆုတ်မနစ် အကောင်အထည် ဖော်ခဲ့တဲ့ ရလာဒ်ပါ။

စာဖတ်သူတွေရဲ့ ဘဝမှာလည်း ဘယ်လောက်ပဲ ကဲ့ရဲ့စကား၊ ဝေဖန်မှုနဲ့ အခက်အခဲတွေ ရှိပါစေ မိမိရဲ့ ယုံကြည်မှု ခိုင်မာကြပါစေ။ ယုံကြည်မှုခိုင်မာရုံတင်မက ဘယ်လောက် ခက်ခဲနေပါစေ၊ ပန်းတိုင်ကို အရောက်သွားနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။

W a  i

1 comments:

ချောကလက်ကျူးပစ်လေး said...

အားဆေးတစ်ခွက်သောက်လိုက်ရသလိုပဲ
ယုံကြည်ချက်ကိုနည်းနည်းမှမလျော့တော့ဘူး..:)