Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, January 11, 2012

အကြိုက်တွေ့သွားတဲ့ အရသာ (၄) မျိုး


ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဟိုသွား ဒီသွားရင်းနဲ့ လမ်းဆုံတချို့မှာ မထင်မှတ်ဘဲ၊ ဖြတ်ခနဲ တွေ့လိုက်ရတဲ့ ကြော်ငြာဘုတ်တွေကြောင့် ကျွန်တော် ရင်တွေခုန်သွားခဲ့ပါတယ်။ မြန်မာပြည်က ကျွန်တော်အကြိုက်ဆုံး အမျိုးသမီးအဆိုတော် လေးယောက်က သီးသီးသန့်သန့် စတိတ်ရှိုးလေးလုပ်မယ်ဆိုတာကြောင့်ပါ။ ဘယ်နေ့လက်မှတ်ရောင်းမှာလဲ။ ဘယ်မှာလုပ်မှာလဲ။ ဘာမှ သေသေချာချာ မမြင်ရခင်ကတည်းက ကျွန်တော် စိတ်လှုပ်ရှားနေခဲ့ပါတယ်။ သူငယ်ချင်းတချို့ကိုလည်း မေးဖြစ်တယ် ကြည့်မလားလို့၊ ဟိုရွှေ့ ဒီရွှေ့နဲ့ ကျွန်တော် ပွဲလက်မှတ် မရမှာကို သေလောက်အောင် ပူပန်ခဲ့ပါသေးတယ်။ အဲဒီလို စိတ်ပူနေချိန်မှာပဲ အဲဒီညက MRTV-4 မှာ အဲဒီ စတိတ်ရှိုးလေးအကြောင်းကို စာနယ်ဇင်းရှင်းလင်းပွဲလုပ်ခဲ့ပုံတွေနဲ့ အဆိုတော်တွေနဲ့ အင်တာဗျူးတွေ လာတော့ ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။ ဘယ်လိုတင်ဆက်မှုတွေ လုပ်မှာလဲဆိုတဲ့ အတွေးတွေကပဲ ကျွန်တော့ စိတ်ထဲမှာ စိုးမိုးနေတယ်။ အဲဒီညမှပဲ ကျွန်တော်စိတ်ဝင်စားနေတဲ့ Four Ladies Show ရဲ့ အမည်က 4 Flavours ဆိုတာကို သိလိုက်ရပါတယ်။


နောက်ရက်တွေမှာ ကျွန်တော့ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်လိုက်တော့ သူက ကြည့်မယ်ဆိုတာနဲ့ ကျွန်တော်က သူ့ဆီသွားပြီး လက်မှတ်ဝယ်ဖို့အတွက် ပိုက်ဆံသွားပေးခဲ့ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတာက ကျပ် နှစ်သောင်း တန်းကနေ ကြည့်ဖို့ပါ။ လက်မှတ်တွေ ဈေးကြီးတာတော့ အမှန်ပါပဲ။ နှစ်သောင်း၊ တစ်သောင်းခွဲ၊ တစ်သောင်း က အောက်ဘက် စင်ရှေ့ခုံတွေဖြစ်ပြီး ကျပ် ခုနစ်ထောင် ကတော့ အပေါ်ထပ်မို့ ကျွန်တော် အပေါ်ထပ်မှာ ကြည့်ရမှာ အရမ်းစိုးရိမ်နေမိပါတယ်။ လက်မှတ်ဖိုး ပေးလိုက်ပြီမို့ စိတ်အေးအေးနဲ့ အဲဒီညကို ဖြတ်ကျော်နေတုန်း ရုတ်တရက် လက်မှတ်ဝယ်ပေးတဲ့ သူငယ်ချင်းဆီက ဖုန်းဝင်လာပါတယ်။ နှစ်သောင်းတန်း လက်မှတ်နဲ့ တစ်သောင်းခွဲတန်း လက်မှတ်တွေက ကုန်ပြီတဲ့။ တစ်သောင်းတန်းကိုတော့ ရှေ့ဆုံး စစချင်းက ရမယ်။ ယူချင်လားဆိုတာကြောင့် တော်တော်လေး စိတ်ပျက်သွားမိပါတယ်။ အရမ်းနောက်ရောက်သွားပြီး စင်နဲ့ ဝေးသွားမှာ စိုးလို့ပါ။ ဒါပေမယ့်လည်း မယူရင် မဖြစ်တော့တာမို့ အဲဒီအတန်းလေးကိုပဲ ရွေးဝယ်ဖြစ်ခဲ့ပါတယ်။

ပွဲရက်လေးရောက်တော့ မနက်ကတည်းက ပွဲကြည့်ဖို့ စိတ်ရောက်နေခဲ့တာတော့ မငြင်းတမ်း ဝန်ခံချင်ပါတယ်။ ကျွန်တော် စတိတ်ရှိုးမကြည့်ဖြစ်တာ တော်တော်ကြာနေပြီကိုး။ ပြီးတော့ ဒီပွဲကလည်း ထူးခြားနေတယ်လေ။ ညနေ ၅ နာရီခွဲလောက် အိမ်ကနေထွက်လို့ သူငယ်ချင်းဝင်ခေါ်ပြီး ညနေ ၆ နာရီ ၁၀ မိနစ်ဝန်းကျင်လောက် ပွဲလုပ်တဲ့ အမျိုးသားဇာတ်ရုံကို ရောက်သွားပါတယ်။ ဆောင်းညလေးမို့ထင်ပါရဲ့ ညနေ ၆ နာရီဝန်းကျင်ပဲ ရှိသေးပေမယ့် မှောင်နေပြီ။ အမျိုးသားဇာတ်ရုံဝင်ပေါက်နားမှာ အဝါရောင် မီးတောက်တောက်တွေက စိတ် ပိုလှုပ်ရှားစေပါတယ်။ သူငယ်ချင်းနဲ့ စကားတပြောပြော လှေကားထစ်တွေ ဖြတ်ကျော်ချိန်မှာပဲ မထင်မှတ်ဘဲ MRTV-4 က အင်တာဗျူးလေး ဖြေပေးပါလို့ ပြောလာတော့ နည်းနည်းလန့်သွားပါတယ်။ ကိုယ့်ရုပ်ဆိုးဆိုးကြီး တီဗီကနေ ပေါ်လာရင် ရှက်စရာလို့လည်း ထင်သွားမိလို့ပါ။ သူတို့ မေးသမျှကို စိတ်မလှုပ်ရှားအောင် ထိန်း ဖြေပေးခဲ့ပြီး ရုံထဲဝင်ခဲ့ပါတယ်။ ရုံအပြင်နားမှာ ပန်းစည်းတွေ ရောင်းတဲ့ဆိုင်လေးတွေ့တော့ ပန်းစည်း တက်ပေးရရင်ကောင်းမယ်လို့ စိတ်ကူးမိပေမယ့်၊ MRTV-4 က ပြန်ပြမှာမို့ တီဗီမှာအရုပ်ပေါ်လာရင် ရှက်စရာကြီးဆိုပြီး အဲဒီအစီအစဉ်ကို မေ့ထားလိုက်ပါတယ်။ ပန်းစည်းလေးတွေက တော်တော်လှပါတယ်။ ဈေးတွေကတော့ ကောင်းပါ့ဗျာ။ ၅၀၀၀ ကနေ ၂၀၀၀၀ တန်တွေထိ အစားစားပါပဲ။ အမြန်စား အစားအသောက်လေးတွေ၊ ပြီးတော့ ဖျော်ရည်နဲ့ ကော်ဖီလေးတွေ ရောင်းတဲ့ဆိုင်သေးလေးတွေလည်း ရှိပါတယ်။ ညစာ မစားလာတာမို့ ကော်ဖီပူလေးတစ်ခွက်ကို အမြန်သောက်ပြီး ရုံထဲဝင်လာခဲ့ပါတယ်။ DJ တစ်ယောက်က ဖွင့်ထားတဲ့ သီချင်းအမြူးနဲ့ သီချင်းအအေးတွေနဲ့ပဲ ပရိတ်သတ်တွေကို ဖမ်းစားထားပြီး ပရိတ်သတ်တွေက ခုမှ နေရာယူကောင်းတုန်း၊ စကားပြောကောင်းတုန်းပါ။ စင်ရဲ့ အပြင်အဆင်ကတော့ တော်တော်လေး ရိုးတယ်လို့ မြင်မိပါတယ်။ တလောက လုပ်သွားတဲ့ 7 Golden Girls လိုမျိုးနဲ့လည်း တူနေသလို၊ သိပ်ပြီး ထူးထူးခြားခြား ဖြစ်မနေတာကိုတော့ အားမရဖြစ်မိပါတယ်။ ဒါကလည်း ပွဲကို သိပ်အကောင်းကြီး မျှော်လင့်ထားတဲ့ ပရိတ်သတ်တစ်ယောက်ရဲ့ စေတနာအမြင်ပါ။ မြန်မာနိုင်ငံမှာ လုပ်လေ့ရှိတဲ့ စတိတ်ရှိုးတွေရဲ့ ထုံးစံအတိုင်း ကြေငြာထားတဲ့ ညနေ ၆ နာရီခွဲ ဆိုတာထက် တစ်နာရီကျော်လောက် နောက်ကျပြီးမှ ပွဲ စတင်ခဲ့ပါတယ်။ ဒါလည်း အစဉ်အလာကို ထိန်းသိမ်းနေတုန်းပါလားလို့ ကြံဖန်ဂုဏ်ယူရမလိုပါပဲ။
4 Flavours Show စင်မြင့်အပြင်အဆင်

အဲဒီပွဲရဲ့ အဖွင့်နဲ့ ကံစမ်းမဲအစီအစဉ်တွေရဲ့ အစီအစဉ်မှူးအဖြစ် တေးသံရှင် စည်သူလွင် က ဆောင်ရွက်ပေးပါတယ်။ စကားတွေ နည်းနည်းပြောပြီးချိန်မှာ စာရွက်ကလေးကို ငုံကြည့်လိုက်တဲ့ ကိုစည်သူ့ ကို အာရုံရောက်နေချိန် နောက်ခုံကနေ ကြားလိုက်ရတဲ့ စကားသံကြောင့် ပြုံးမိသွားပါတယ်။ အဲဒီ မမ ပြောလိုက်တာက "ဟယ် ဒီလောက်စကားလေးတိုတို ပြောရတာကိုများ စာရွက်ကြည့်နေရသေးတယ်" တဲ့။ စင်ပေါ်မှာ အစီအစဉ်မှူးလုပ်ရတာဟာ လုပ်လေ့လုပ်ထ မရှိတဲ့ ပွဲပုံစံမျိုးမှာ လုပ်ရရင် စိတ်လှုပ်ရှားရတာတွေ၊ မှားမှာစိုးရိမ်တာတွေကြောင့် အစီအစဉ်မှူး၊ အခမ်းအနားမှူးတွေ ကျက်ထား၊ ဖတ်ထား၊ မှတ်ထားတာတွေ မေ့သွားတတ်တာကို ကိုယ်ချင်းစာပါတယ်။ စည်သူလွင် ကပဲ ပွဲစတင်ကြောင်းကြေငြာပြီး Plus Tree Band ကို စင်ပေါ်ဖိတ်ခေါ်ခဲ့ပါတယ်။ Plus Three Band က မြူးကြွတဲ့ Country Rock တေးသွားလေးနဲ့ စလို့ တီးခတ်ပြီး သိပ်မကြာခင်မှာပဲ အားလုံးနဲ့ ရင်းနှီးတဲ့ တေးသီချင်းအစပိုဒ်လေးကို တစ်ဆက်တည်းဆွဲခေါ်သွားပါတယ်။ အဲဒီအချိန်မှာပဲ နှစ်ပေါင်းများစွာ မကြားရတာကြာပြီဖြစ်တဲ့ တင်ဇာမော် ရဲ့ အသံချိုချိုလေး က စပြီးထွက်လာတော့ အားလုံးက ဝမ်းပန်းတသာနဲ့ လက်ခုပ်သံတွေ ညံသွားခဲ့ပါတယ်။ "ရင်ထဲက ပျိုးခင်း" သီချင်းကို အားပါးတရဆိုပြီးချိန် အားလုံးက တင်ဇာမော် နောက်တစ်ပုဒ်ဆိုမယ်လို့ ထင်နေတုန်းမှာပဲ သီချင်းတီးလုံးလေးက နောက်ထပ် သီချင်းလေးတစ်ပုဒ်ကို လူတွေ သတိမထားလိုက်မိချိန်မှာပဲ ကူးပြောင်းသွားပြီး စင်မြင့်ရဲ့ တခြား တံခါးပေါက်တစ်ခုကနေ ထွန်းအိန္ဒြာဗိုလ် က "ကျွန်မချစ်သည်း" သီချင်းကို ကခုန်မြူးတူး သီဆိုရင်း ထွက်လာခဲ့တာကြောင့် အားလုံးက "ဟာ" ခနဲ ဖြစ်သွားပြီး လက်ခုပ်သံတွေ ဆူညံသွားပါတယ်။ ဒီမှာတင် ဒီအဖွင့်အစီအစဉ်လေးက ထူးခြားတဲ့ Non-stop တစ်နည်း Medley ပုံစံ အဆိုတော် (၄) ယောက်ကို ပရိတ်သတ်ရှေ့ထွက် နှုတ်ဆက်စေမှာပါလားလို့ သိလိုက်ရပြီး ဒီအစီအစဉ်ကို ပုံဖော်ပေးတဲ့ ဥက္ကာဦးသာ ကို ကျေးဇူးတင်မိသွားပါတယ်။ ထွန်းအိန္ဒြာဗိုလ် ဆိုပြီးချိန်မှာတော့ တင်ဇာမော်နဲ့ သီချင်းတုန်းကလို ဆက်တိုက်လေး မယ်လိုဒီ ပြောင်းလဲမသွားနိုင်ပဲ Fade In, Fade Out လေးနဲ့ ဖြူဖြူကျော်သိန်းရဲ့ "အနီးဆုံးလား အဝေးဆုံးလား" သီချင်း အဖွင့်တေးသွားလေးနဲ့အတူ ဖြူဖြူကျော်သိန်းထွက်လာတော့ အားပေးကြပြန်ပါတယ်။ ဒီသီချင်းလေးအပြီးမှာတော့ ချမ်းချမ်း ရဲ့ "အချစ်စစ်စစ်နဲ့ တွေ့လား" သီချင်းလေး နဲ့အတူ ချမ်းချမ်း ထွက်လာတော့လည်း အားပေးကြပြန်ပါတယ်။ အဲဒီနောက်မှာတော့ ချမ်းချမ်း ကလွဲလို့ ကျန်တဲ့ အဆိုတော်တွေက နှုတ်ဆက်လို့ ပြန်ဝင်သွားကြပြီး ချမ်းချမ်း က သူ့ရဲ့ လူကြိုက်များတဲ့ သီချင်းတွေကို သီဆိုသွားခဲ့ပါတယ်။

ချမ်းချမ်း ရဲ့ အလှည့်အပြီးမှာတော့ ဘယ်သူနဲ့မှ တွဲမဆိုဘဲ စင်နောက်ပြန်ဝင်သွားခဲ့ပါတယ်။ ကြားထဲမှာ လစ်ဟာမှုမရှိဘဲ ဖြူဖြူကျော်သိန်း က ထူးခြားတဲ့ ဒေါင်းတောင်များနဲ့ ဝတ်စုံကို ဝတ်ဆင်လို့ အကအဖွဲ့များနဲ့ ထူးထူးခြားခြား ဆွဲဆောင် ဖျော်ဖြေပေးသွားပါတယ်။ ဖြူဖြူကျော်သိန်း ဟာ ပွဲထိန်းအရမ်းတော်တယ်လို့ ပြောရမှာပါ။ ပရိတ်သတ်နဲ့ အပေးအယူ စကားတွေ အများကြီး ပြောသွားသလို၊ ပရိတ်သတ်တွေရဲ့ စကားသံတွေကို အလေးထား နားထောင်တတ်၊ ကြားတတ်တာလည်း သူ့ရဲ့ ပါရမီတစ်ခုပါပဲ။ ဖြူဖြူကျော်သိန်းရဲ့ အလှည့်ပြီးခါနီးမှာတော့ တင်ဇာမော်ကို ဖိတ်ခေါ်လို့ လွန်ခဲ့တာ ၆ နှစ်ခန့်က တူတူတွဲဆိုခဲ့ကြဖူးတဲ့ "ပထမခြေလှမ်း" သီချင်းကို တူတူ သီဆိုခဲ့ကြပြီး တင်ဇာမော်ကို အလှည့်ပေးပါတယ်။ နှစ်ပေါင်းများစွာ ငတ်မွတ်နေရတဲ့ တင်ဇာမော်ရဲ့ သီချင်းဆိုသံတွေကို တဝကြီး နားဆင်ခဲ့ရပါတယ်။ သူ့ရဲ့ သီချင်းအများစုဟာ အဆိုပညာအသားပေးတဲ့ သီချင်းတွေ ဖြစ်တာမို့ လိုက်ဆိုဖို့ထက် သူ့ရဲ့ ဆိုပုံတွေကိုပဲ အာရုံစိုက်နေမိပါတယ်။ ဒီပွဲမှာ နောက်ထပ် ထူးခြားမှုတစ်ခုကတော့ ချမ်းချမ်း က "Another Year Has Gone By" သီချင်း၊ ဖြူဖြူကျော်သိန်း က "Total Eclipse Of The Heart" သီချင်းတွေကို သီဆိုခဲ့ကြတာဖြစ်ပြီး တင်ဇာမော်ကလည်း သူ့အလှည့်အဆုံးမှာ "What's Up" သီချင်းကို သီဆိုခဲ့ပါတယ်။ ဒီသီချင်းကိုတော့ ထွန်းအိန္ဒြာဗိုလ်နဲ့ တွဲဖက်သီဆိုခဲ့တာဖြစ်ပြီး ထွန်းအိန္ဒြာဗိုလ် က "ဘာတွေဖြစ်ဦးမလဲ" ဆိုတဲ့ သူမရဲ့ မြန်မာ Cover Version ကို သီဆိုကာ တင်ဇာမော်က အင်္ဂလိပ်လို တစ်ကျော့စီ သီဆိုခဲ့ကြတာဖြစ်ပါတယ်။ 

ထွန်းအိန္ဒြာဗိုလ်က သူမ စင်ပေါ်မှာ ဆိုလေ့ဆိုထ မရှိတဲ့ သီချင်းလေးတွေကို သီဆိုသွားပြီး သူမအလှည့်အဆုံးမှာ ချမ်းချမ်း ကို ဒုတိယအကြိမ် ဖိတ်ခေါ်လို့ သူမဆိုခဲ့စဉ်က "မင်းမေ့မှာစိုး"၊ ချမ်းချမ်း သီဆိုခဲ့စဉ်က "မေ့တော့မမေ့သေးဘူး" အမည်ရ သီချင်းလေးကို အတိုင်အဖောက် ညီညီလေး တွဲဖက် သီဆိုသွားပါတယ်။ ချမ်းချမ်းရဲ့ အဆိုအား ကောင်းမွန်သလို၊ ထွန်းအိန္ဒြာဗိုလ်လည်း အရမ်းကြိုးစားလို့ သီဆိုသွားတာကြောင့် အရမ်းနားထောင်ကောင်းတဲ့ သီချင်းလေး ဖြစ်သွားပါတယ်။ မခိုင်ကိုလည်း ချီးကျူးမိပါတယ်။ ဒုတိယအကျော့ မှာတော့ ချမ်းချမ်း ဟာ သူမရဲ့ ဒုတိယတေးစုသစ်ထဲက သီချင်းတွေ ဆိုသွားခဲ့ပါတယ်။ ချမ်းချမ်းရဲ့ သီချင်းတွေက အေးတာများတော့ ပွဲကြည့်သူတွေကို သိပ်လှုပ်လှုပ်ခတ်ခတ် မဖြစ်စေပေမယ့်လည်း ခုလို ထိုင်ခုံနဲ့ ထိုင်ကြည့်ရတဲ့ပွဲအတွက်တော့ လိုက်ဖက် ကောင်းမွန်ပါတယ်။ ဒီတစ်ခါ ချမ်းချမ်းအလှည့်အပြီးမှာတော့ ချမ်းချမ်းက တင်ဇာမော်ကို ဖိတ်ခေါ်ပြီး "တစ်ခါက လက်ဆောင်" သီချင်းကို တွဲလို့သီဆိုခဲ့ကြပါတယ်။ တင်ဇာမော် ရဲ့ ဒုတိယအကျော့မှာတော့ အချစ်သီချင်း ချိုချိုအေးအေးလေးတွေပဲ သီဆိုပြီး အလှည့်အပြီးမှာ ဘယ်သူ့ကိုမှ မဖိတ်ခေါ်ဘဲ စင်နောက် ပြန်ဝင်သွားပါတယ်။ လူတိုင်းက ထွန်းအိန္ဒြာဗိုလ် ထွက်လာမယ်လို့ ထင်ထားခဲ့ကြပါတယ်။ နောက်ပိုင်းရှိုးတော်တော်များများမှာ ဖြူဖြူကျော်သိန်းက ထွန်းအိန္ဒြာဗိုလ် နောက်မှ ထွက်လေ့ရှိတာမို့ပါ။ ထင်ထားတာနဲ့လွဲပြီး ဖြူဖြူကျော်သိန်းက အချစ်သီချင်းချိုချိုအေးအေးလေး များစွာကို သီဆိုပေးသွားခဲ့ပါတယ်။ ထူးထူးခြားခြားလည်း ပရိတ်သတ်တွေ ထိုင်နေတဲ့ နေရာစုံကို ပတ်ပြီး သီဆိုသွားတာလည်း သဘောကျမိပါတယ်။ အဲဒီနောက်တော့ ထွန်းအိန္ဒြာဗိုလ်ကို ဖိတ်ခေါ်လို့ ထွန်းအိန္ဒြာဗိုလ် ရဲ့ နာမည်ကြီး သီချင်း "မိုးလေးဖွဲတုန်း" ကို အရမ်းလိုက်ဖက်စွာ သီဆိုခဲ့ပါတယ်။ တော်တော်လေး ကောင်းတာမို့ အပြင်ကို အခွေထွက်လာရင် ကောင်းမယ်လို့တောင် တွေးမိခဲ့ပါတယ်။
ပွဲခင်းထဲဆင်းပြီး ပရိတ်သတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့တဲ့ ဖြူဖြူ

ထွန်းအိန္ဒြာဗိုလ်ရဲ့ ဒုတိယအကျော့မှာတော့ ပထမဆုံးအခွေထဲက တေးစုခေါင်းစီးသီချင်း "မင်းအတွက်ပဲ" နဲ့ "သတ္တိတွေ ကိုယ့်မှာမရှိတော့ဘူး" သီချင်းနှစ်ပုဒ်ကို Version လေးနည်းနည်းပြောင်းပြီး သီဆိုသွားပါတယ်။ ကျွန်တော် အရမ်းကြိုက်တဲ့သီချင်းတွေပါ။ ဒါပေမယ့် ပွဲခင်းထဲက လူတွေကတော့ အဲဒီသီချင်း နှစ်ပုဒ်ကို အံ့အားသင့်နေကြပါတယ်။ မကြားဖူးကြဘူးလို့လည်း ဆိုကြပါတယ်။ သူမရဲ့ ဒုတိယအလှည့်မှာလည်း သိပ်ဆိုလေ့ဆိုထ မရှိတဲ့သီချင်းတွေဆိုသွားပါတယ်။ ဒီပွဲမှာ အဆိုတော်တွေရဲ့ သီချင်းတချို့ကို သိပ်အားမရကြဘူးလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ သိပ်မရင်းနှီးတဲ့သီချင်းတွေ ဆိုသွားလို့တဲ့။ ကျွန်တော့အတွက်တော့ ဒီပွဲဟာ တကယ်လာကြည့်ရကျိုးနပ်တဲ့ ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲလို ရှိုးတိုင်းမှာ ဆိုတဲ့သီချင်းတွေ ရှောင်ဆိုသွားတာကို သိပ်သဘောကျမိပါတယ်။ ထွန်းအိန္ဒြာဗိုလ် ရဲ့အလှည့် အပြီးမှာတော့ အဆိုတော်တိုင်း နှစ်ကျော့စီ ပြီးသွားပြီမို့ ပွဲသိမ်းတော့မယ်လို့ သဘောပေါက်မိပေမယ့် ပရိတ်သတ်တွေကတော့ မပြန်ချင်ကြသေးပါဘူး။ ထွန်းအိန္ဒြာဗိုလ်ကလည်း ပရိတ်သတ်နဲ့ အပေးအယူ စကားတွေဆိုပြီး သူမ ဆိုဖို့ အစီအစဉ်မရှိတဲ့ "ဘီလူးခေါင်းနဲ့ မင်းသားလေး" သီချင်းကို တောင်းဆိုမှုတွေကြောင့် တီးဝိုင်းနဲ့ ခဏညှိပြီး ဆိုပြပေးသွားပါတယ်။
လေးယောက်အတွဲညီညီ -ချစ်သောကမ္ဘာမြေ- သီချင်းဆိုစဉ်

အဲဒီနောက်မှာတော့ တင်ဇာမော် ကို စင်ပေါ်ကို ထပ်လို့ ဖိတ်လိုက်ပါတယ်။ ပြီးတော့ နှစ်ယောက်တွဲပြီး ဟိုးအရင် ဒိုင်ယာရီ ရှိုး တုန်းက ဆိုခဲ့ဖူးတဲ့ "ဆိုရင်" ကို တွဲဆိုကြပါတယ်။ တစ်ဆက်တည်းပဲ နောက်ထပ် ဖြူဖြူကျော်သိန်း ကို ဖိတ်ခေါ်လို့ သုံးယောက်ပေါင်းပြီး ခုလတ်တလော နာမည်ကြီးနေတဲ့ "တီအာမိုး" သီချင်းကို ပိုပြီးမြိုင်မြိုင်လေး သီဆိုသွားပါတယ်။ 4 Flavours ပွဲလေးရဲ့ အပိတ်သီချင်းအဖြစ်ကိုတော့ ဟိုးအရင်က အမျိုးသား တေးသံရှင် (၅) ဦး သီဆိုအောင်မြင်ခဲ့တဲ့ "ချစ်သောကမ္ဘာမြေ" သီချင်းကို ချမ်းချမ်း ကိုပါ ဖိတ်ခေါ်လို့ (၄) ယောက်သား အတွဲညီညီလေး သီဆိုပြသွားတာ အရမ်းသဘောကျမိပါတယ်။ ဒီသီချင်းလေးဟာ သူတို့ (၄) ယောက်နဲ့ အတော်လေး လိုက်ဖက်ပါတယ်။

အဲဒီညလေးကတော့ ကျွန်တော့အတွက် တစ်မျိုးစီ အရည်အသွေးရှိပြီး အရသာရှိလွန်းတဲ့ Ice Cream (၄)မျိုးကို အရသာခံ စားသောက်ခဲ့ရသလို ပျော်လည်းပျော်ရ၊ ကျေလည်း ကျေနပ်ရ၊ အားလည်း အားရ ရတဲ့ ပွဲလေးတစ်ခုကို ကြည့်ခွင့်ရခဲ့တယ်လို့ ဆိုချင်ပါတယ်။ အဆိုတော်တိုင်းရဲ့ ကြိုးစားမှုနဲ့ ဖျော်ဖြေမှုတိုင်းကို ပရိတ်သတ်တွေက ညီတူညီမျှ ချစ်ခင်စွာ အားပေးခဲ့ကြပါတယ်။ အရွယ်လတ်ပိုင်း (အထူးသဖြင့် မမကြီးများ) အကြိုက်တွေ့ကြတာများပါတယ်။ အဆိုတော် လေးယောက် ရဲ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်လေးစားမှုကိုလည်း သူတို့ရဲ့ စကားပြော၊ သူတို့ရဲ့ ပြုမူပုံတွေက ဖော်ပြနေပါတယ်။ (ဥပမာ - ချမ်းချမ်း နဲ့ ဖြူဖြူကျော်သိန်းတို့က သူတို့ထက် အသက်အရွယ်ကြီးတဲ့ ထွန်းအိန္ဒြာဗိုလ် နဲ့ တင်ဇာမော်တို့ကို ချစ်မကြီးများလို့ ခေါ်တတ်သလို၊ တစ်ဖက်ကလည်း ညီမငယ်လေးလို့ ကြည်ကြည်နူးနူး ခေါ်တတ်ပါတယ်။ ဖြူဖြူကျော်သိန်း အလှည့်ပြီးလို့ ထွန်းအိန္ဒြာဗိုလ် ဝင်ချိန်မှာ ဖြူဖြူကျော်သိန်းတစ်ယောက် သူမ ရရှိထားတဲ့ ပန်းစည်းတွေကို ကြမ်းပြင်ကနေ ကောက်လို့ မဆုံး ဖြစ်နေချိန်မှာ ထွန်းအိန္ဒြာဗိုလ်ကလည်း ဝိုင်းထိုင်ပြီး ပန်းစည်းတွေ ကူကောက်ပေးနေတာက ပရိတ်သတ်တွေကို ဝါးခနဲ ပွဲကျပြီး သူတို့ရဲ့ ခင်မင်မှုက ပရိတ်သတ်ဆီကို ကူးစက်စေပါတယ်)။ ဒီပွဲလေးကို MRTV-4 ကနေလည်း ညတွင်းချင်းပဲ Live ဆိုပြီး ခေါင်းစဉ်ကြီးကြီးတပ်လို့ တကယ့်ပွဲချိန်ထက် ၂ နာရီနီးပါးနောက်ကျပြီး ထုတ်လွှင့်ပြခဲ့တာလည်း တိုက်ရိုက်ပြတယ်လို့ မှတ်ယူမိပါတယ်။ ပွဲကို ငွေကုန်ကြေးကျ အနည်းဆုံးနဲ့ အိုးမကွာ၊ အိမ်မကွာ ကြည့်ရတာနဲ့တင် ကျေးဇူးတင်ရမယ် ထင်ပါတယ်။ တစ်ခုလိုအပ်တာကတော့ ပွဲခင်းထဲမှာ အသံအရည်အသွေး အရမ်းကောင်းပြီး အဆိုတော်တွေရဲ့ သီချင်းဆိုသံတွေ ကောင်းမွန်နေပေမယ့် တီဗီမှာ ကြည့်တဲ့အခါ အတော်လေး ကွာဟနေတာကို တွေ့ရတာ တစ်ခုပါပဲ။
ပွဲသိမ်း နှုတ်ဆက်နေကြတဲ့ 4 Flavours အဖွဲ့သားများ

ဘယ်လိုပဲဖြစ်နေပါစေ။ ကျွန်တော့အတွက်တော့ အရသာ (၄) မျိုးကို ရင်ခုန်ခံစားခဲ့ရတဲ့ အဲဒီ ပွဲညလေးကို ဘဝမှာ သေချာပေါက် အမှတ်ရနေဦးမှာပါဗျာ။

သီဟလုလင်

1 comments:

ချောကလက်ကျူးပစ်လေး said...

သွားချင်ပေမဲ့မသွားလိုက်ရတဲ့showလေး
အကြောင်းရေးပေးလို့ကျေးဇူးပါကိုသီပာရေ