Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, January 21, 2012

အေသင်ချိုဆွေရဲ့ တေးစုသစ်ကို ခံစားကြည့်ခြင်း


ဒီရက်ပိုင်း မြန်မာသီချင်းအခွေသစ်တွေ နားမထောင်ဖြစ်တာ တော်တော်လေးကြာသွားပြီ။ သီချင်းအဟောင်းလေးတွေချည်း နားဆင်ရတာရိုးအီလာလို့ သီချင်းခွေအသစ်လေးတောင့်တမိပါတယ်။ ဒါနဲ့ပဲ လက်တလော လှည်းတန်းနားမှာ ခဏခဏတွေ့နေတဲ့ အေသင်ချိုဆွေ ရဲ့ ဒုတိယတေးစုသစ် “အနီးဆုံးလူ... နမ်းမှာလား” အခွေလေး ဝယ်ဖြစ်သွားပါတယ်။ Billboard မှာ ကြော်ငြာထားတဲ့ပုံစံလေးကတော့ ဟိုးတုန်းက မဟေမာနေဝင်းတို့ မြန်မာရုပ်မြင်သံကြားပေါ်ခါစမှာ ဝတ်ပြီးဆိုလေ့ရှိတဲ့ ဖက်ရှင်မျိုးလေးနဲ့မို့ တစ်မျိုး ကြည့်ကောင်းတယ်လို့ ထင်မိပါတယ်။ ဒီတေးစုလေးအကြောင်းကိုလည်း ဂျာနယ်သတင်းတွေထဲမှာ ဖတ်ပြီးသားမို့ စိတ်ဝင်စားမိထားတာကလည်း ဝယ်ဖြစ်ဖို့ တွန်းအားပါ။ ဟိုးတုန်းက နာမည်ကြီးခဲ့တဲ့ သီချင်းတချို့ကို ပြန်ဆိုထားတယ်ဆိုတာကြောင့် အေသင်ချိုဆွေ ရဲ့ ပြန်ဆိုတေးတွေအပေါ် သက်ဝင်ခံစားမှုကို နားဆင်ချင်စိတ်လည်း ရှိနေတာလည်း ပါပါတယ်။


ဒီတေးစုလေးရဲ့ အမည်ကိုတော့ သီချင်းခေါင်းစဉ်နှစ်ခုကို ဆက်ပြီး ခေါင်းစဉ်တစ်ခုအဖြစ် တင်ထားလိုက်တာပါ။ တေးသံရှင်ကြီး စိုးပိုင် ရဲ့ “အနီးဆုံးလူ” သီချင်းနဲ့ တေးသံရှင်နဲ့ သရုပ်ဆောင် တင့်တင့်ထွန်း ရဲ့ နာမည်ကြီး “နမ်းမှာလား” သီချင်းတွေပါပဲ။ ကျွန်တော့စိတ်ရင်းနဲ့ပြောရရင် ဒီခေါင်းစဉ်က ကျွန်တော့ကိုတော့ မဆွဲဆောင်နိုင်တာ အမှန်ပါပဲ။ တခြား သီချင်းခံစားသူတွေကိုတော့ မပြောတတ်ပါ။ ဝယ်ခဲ့စဉ်တုန်းကတော့ သီချင်းခေါင်းစဉ်တွေ မကြည့်ဖြစ်ခဲ့ပါဘူး။ အေသင်ချိုဆွေ က ဂျာနယ်ထဲမှာ ပြောပြထားလို့ ဟေမာနေဝင်း၊ ထွန်းအိန္ဒြာဗိုလ် နဲ့ တင့်တင့်ထွန်း တို့ရဲ့ သီချင်းတွေ ပါတယ်လို့တော့ အကြမ်းဖျဉ်းသိထားပြီး စိတ်ဝင်စားလို့ ဝယ်ဖြစ်ခဲ့တာပါ။ ဒါပေမယ့်ပေါ့လေ။ သီချင်းနာမည်တွေ တွေ့လိုက်ရတဲ့အချိန်မှာတော့ အတော်လေး အံ့အားသင့်မိသွားတယ်။ အေသင်ချိုဆွေ ဘာကြောင့် ဒီလောက်နာမည်ကြီးခဲ့တဲ့ သီချင်းတချို့ကို ပြန်ဆိုရတာလဲဆိုတာလည်း နားမလည်နိုင် ဖြစ်ခဲ့ရပါတယ်။ သူမ ရွေးချယ်ထားတဲ့ သီချင်းတော်တော်များများဟာ ပြန်ဆိုတေးသံရှင် တစ်ယောက်အတွက် တာဝန်အရမ်းကြီးတဲ့ သီချင်းတွေ ပါနေပါတယ်။ ဒါဟာ သူမ ရဲ့ အရည်အချင်းတစ်ရပ်ကို ထုတ်ဖော်ပြသချင်လို့လည်း ဖြစ်နိုင်တယ်လို့ ယူဆမိခဲ့ပါတယ်။

“အနီးဆုံးလူ... နမ်းမှာလား” တေးစုထဲမှာ သီချင်း အားလုံးပေါင်း (၁၃) ပုဒ်ပါဝင်ထားပါတယ်။ ဒီတေးစုကို Excellent Creation ကနေ ဖြန့်ချိပေးထားတာပါ။ သီချင်းတွေကိုတော့ Lazy Club Band ရယ်၊ KZY (Pro) ရယ်က တီးခတ်ပေးထားပြီး စတူဒီယိုကတော့ KZY (Pro) ပါပဲ။ ဟာမိုနီကိုတော့ Everglades အဖွဲ့က တာဝန်ယူပေးထားပြီး Mixing ကိုလည်း KZY (Pro) ကပဲ ဆွဲပေးထားပါတယ်တဲ့။ ဒါလေးကို လေ့လာရင်းနဲ့ပဲ သီချင်းခွေလေးကို စဖွင့်ကြည့်လိုက်ပါတယ်။

၁။ နမ်းမှာလား
ကျွန်တော် နည်းနည်းလေး အံ့အားသင့်သွားတယ်။ အေသင်ချိုဆွေ ကို ကျွန်တော်က “တင်းတယ် တင်းတယ်” သီချင်းမှာ တော်တော်လေး သဘောကျပါတယ်။ သူ့ရဲ့ ဆိုပေါက်တွေနဲ့ ခံစားသက်ဝင်မှုတွေက ပီပြင်လွန်းတယ်လို့ ခံစားရလို့ပါ။ မူရင်း အိန္ဒိယသီချင်းလိုကို နားထောင်ရ သဘောကျမိတာပါ။ ဘာကြောင့် ဒီသီချင်းမှာ အဲလောက် အားမရှိသလို ဖြစ်နေရတာလဲ။ ပြီးတော့ လိုတာထက်ပိုပြီး ချွဲနွဲ့နေသလားလို့ တွေးထင်မိပါတယ်။ ဒီသီချင်းနားထောင်ပြီးတာနဲ့ အခွေကို ခဏရပ်ပြီး ကွန်ပျူတာထဲမှာ ရှိနေတဲ့ တင့်တင့်ထွန်း ရဲ့ “နမ်းမှာလား” မူရင်းလေးကို ပြန်နားထောင်ကြည့်မိတဲ့အထိပါပဲ။ သူ့ခေတ်နဲ့သူမို့ အကြိုက်တွေ့ကောင်းလည်း တွေ့နိုင်ပါတယ်။ ကျွန်တော်ကတော့ အေသင်ချိုဆွေကို ဒီ့ထက်ပိုပြီး မြူးကြွ အားပါစေချင်တာ အမှန်ပါ။ သီချင်းလေး ဆုံးသွားပြီလို့ ထင်နေတယ်အချိန်မှာ Outro လေးနဲ့ ပြန်ပိတ်ပေးထားတဲ့ စိတ်ကူးလေးကိုတော့ သဘောကျပါတယ်။

၂။ သီချင်းလေးကို ချစ်တာလား
ဒီသီချင်းမှာလည်း ရှေ့ကသီချင်းလိုပါပဲ။ အသံက လိုတာထက်ပိုပြီး အားမပါသလို ဖြစ်နေတာမို့ စိတ်ထဲ အားမလို အားမရ ဖြစ်မိပါတယ်။ ဟေမာနေဝင်း ဆိုတာကို ပိုသဘောကျမိပါတယ်။ ဒါက ကျွန်တော့ရဲ့ ပုဂ္ဂလိက အမြင်ပါ။ ကြိုက်တဲ့သူတွေလည်း ကြိုက်မိနေနိုင်ပါတယ်။ ကျွန်တော့အတွက်တော့ ဒီသီချင်း နားထောင်ရတာ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ထုတ်ထားတဲ့ ဟေမာနေဝင်း ရဲ့ တစ်ကိုယ်တော်ရှိုးအခွေ ကာရာအိုကေကို ဘေးအိမ်က ကောင်မလေး တစ်ယောက်ယောက်က ဆိုပြနေတာ နားထောင်နေရသလိုပဲ ထင်နေမိပါတယ်။

၃။ နေရာတိုင်းမှာ
အေသင်ချိုဆွေ ရဲ့ အသံမာန်နဲ့ ခံစားသက်ဝင်မှုတွေ လျော့နေတယ်လို့ ခံစားရပေမယ့် ဒီသီချင်းလေးကိုတော့ တော်တော်လေး နားဆင်ရကောင်းအောင် ဆိုပြသွားနိုင်ပါတယ်။ တေးသံရှင်ကြီး စိုင်းထီးဆိုင်ရဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။

၎။ ခွင့်လွှတ်နော်
ဟေမာနေဝင်းရဲ့ သီချင်းတွေထဲက ရွေးမဆိုသင့်တဲ့ တစ်ပုဒ်ကို ရွေးဆိုထားတယ်လို့ ခံစားရပါတယ်။ ဟေမာနေဝင်း ရဲ့ ဆိုဟန်နဲ့ အသံကို မမီဘူးလို့ ခံစားရပါတယ်။ သူ့ခေတ်နဲ့သူမို့တော့ ကြိုက်နိုင်ကြမယ်ထင်ပါတယ်။

၅။ အနီးဆုံးလူ
တေးသံရှင်ကြီး ဦးစိုးပိုင်ရဲ့ သီချင်းကောင်းဖြစ်ပြီး ပြန်ဆိုသူလည်း အရမ်းများနေတာကြောင့် အေသင် ရှောင်သင့်တယ်လို့ ထင်ပါတယ်။ အရင်ဆိုထားတဲ့ မေဆွိ၊ ဟေမာနေဝင်း၊ ပိုးအိစံ တို့ရဲ့ မာန်နဲ့ ခံစားသက်ဝင်မှုမျိုးကို အပြည့်အဝ မမီသေးဘူးလို့ ထင်မိပါတယ်။

၆။ စာ
ဒီသီချင်းကို အေသင် ရွေးချယ်တာ တော်တယ်လို့ ချီးကျူးမိပါတယ်။ ဒီသီချင်းဟာ တစ်ချိန်ကလည်း နာမည်ကြီးခဲ့ပေမယ့် ခုနောက်ပိုင်းမှာ ဘယ်သူမှ ပြန်မဆိုဖြစ်သေး၊ သတိမရကြသေးတဲ့ သီချင်းပါ။ အေသင်ချိုဆွေ ရဲ့ အသံနဲ့လည်း လိုက်ဖက်ပါတယ်။ စာသားအကြောင်းအရာလည်း ကောင်းပါတယ်။

၇။ မိတော့မိတယ်
ဒီတေးစုထဲမှာ အချီးကျူးမိဆုံး အပုဒ်ပါ။ အေသင်ချိုဆွေ ရဲ့ ဆိုပေါက်၊ ဆိုဟန် တွေနဲ့ လိုက်ဖက်လွန်းတဲ့ သီချင်းဖြစ်ပါတယ်။ အသံမှာလည်း မာန်ရှိပြီး သွက်သွက်လက်လက်နဲ့ လူငယ်ဆန်ဆန် ဆိုသွားနိုင်ပါတယ်။ ဟိုးအရင်က ပြန်ဆိုခဲ့ဖူးတဲ့ ယုဇန ထက် အေသင် ဆိုတာကို ပိုသဘောကျမိပါတယ်။ ဒါပေမယ့် မရွေးသင့်တဲ့ သီချင်းလို့တော့ ထင်ပါတယ်။ ရိုးလွန်းနေပြီ ထင်လို့ပါ။

၈။ ယုံလား
အေသင် က ဒီတေးစုမှာ ဟေမာနေဝင်း ရဲ့ သီချင်းတွေကို အများဆုံး ရွေးချယ် သီဆိုပြသွားပါတယ်။ သူရွေးချယ်လိုက်သမျှကလည်း ဟေမာနေဝင်း ရဲ့ Trademark သီချင်းတွေချည်းပဲမို့ မရွေးသင့်တဲ့ သီချင်းတွေလို့ ထင်မိပါတယ်။ ဒီသီချင်းမှာလည်း ဟေမာနေဝင်း က သူ့နာမည်လေး ထည့်ဆိုထားတာကို အေသင် ကလည်း သူ့နာမည် အစားထိုးပြီး ပြောင်းဆိုသွားပေမယ့် ရင်ထဲမှာတော့ ဟေမာနေဝင်း ဆိုထားတာပဲ စွဲနေတော့ ခက်ပါတယ်။

၉။ မယုံနိုင်ဘူး
ဒီတေးစုထဲမှာ တစ်ပုဒ်တည်း ပါတဲ့ ထွန်းအိန္ဒြာဗိုလ် ရဲ့ သီချင်း ပြန်ဆိုတေးလေးပါ။ အရင်က ထွန်းအိန္ဒြာဗိုလ်က မျိုးကျော့မြိုင်နဲ့ တွဲပြီး ဒီသီချင်းလေးကို သူမရဲ့ အိပ်မက်ညများ တေးစုထဲမှာ အဖွင့် သီချင်းအနေနဲ့ဆိုခဲ့သလို ဘရိတ်ကီနဲ့ တွဲပြီး ဒီသီချင်းကိုပဲ လူမင်း နဲ့ ခင်စံပယ်ဦးတို့ရဲ့ မင်္ဂလာပွဲအထိမ်းအမှတ်ခွေထဲမှာ ထပ်မံသီဆိုခဲ့ပါသေးတယ်။ ဒီသီချင်းလေးကို အေသင်ချိုဆွေ က Rapping တွေ ဖြုတ်ပြီး သီဆိုလိုက်တာမို့ သီချင်းစာသား အဆက်တွေ ပျောက်သွားသလို ခံစားမိသွားပါတယ်။ မူလတုန်းက မိန်းကလေးအဆို မယ်လိုဒီ နဲ့ ယောက်ျားလေးအဆို ရက်ပ်စာသားတွေဟာ အချိတ်အဆက်လေးတွေ ဖြစ်နေတာကြောင့် ခုလို မယ်လိုဒီချည်း သက်သက် ရွေးနုတ်သီဆိုလိုက်တာကလည်း သီချင်းစာသားကို အထောက်အပံ့အားနည်းသွားစေတယ် ထင်မိပါတယ်။ မူလသီဆိုသူတွေကို ပိုနှစ်သက်မိပါတယ်။

၁၀။ နှစ်ယောက်တစ်အိပ်မက်
အေသင် က ဒီတေးစုထဲက သီချင်းတော်တော်များများကို မူလပုံစံလေးမပြောင်းဘဲ သီဆိုသွားတာ တွေ့ရပါတယ်။ ခု သီချင်းလေးကိုတော့ တေးဂီတပိုင်းမှာ ပုံစံပြောင်းထားပါတယ်။ အေသင် နဲ့ သိပ်မလိုက်ဘူးလို့ ထင်မိတဲ့အပြင် သီချင်းကလည်း အရမ်းရိုး၊ ဟောင်းနေတဲ့ သီချင်းဖြစ်နေတယ်လို့ ခံစားရပါတယ်။ တလောလေးကမှ ထွက်ထားတဲ့ တေးရေး ဦးစိုးလင်း အခွေထဲမှာ L လွန်းဝါ ဆိုထားတာကို လူတွေတော်တော်လေး နားရည်ဝခဲ့ကြပြီးမို့ပါ။

၁၁။ ပြန်သိမ်းထားမယ်
ဒီသီချင်းလေးကတော့ အေသင်ချိုဆွေနဲ့ လိုက်ဖက်ပါတယ်။ ဘယ်သူပြန်ဆိုဆို မရိုးတဲ့သီချင်းလေးပါ။ အေသင့်ရှေ့က ငယ်ငယ် ဆိုထားသေးပေမယ့် အေသင် ဆိုတာကို ပိုကြိုက်မိပါတယ်။

၁၂။ လမ်းနှစ်သွယ်
တေးသံရှင်ကြီး စိုင်းထီးဆိုင်ရဲ့ နာမည်ကြီး တေးတစ်ပုဒ်ပါပဲ။ အေသင်ဆိုထားတာလည်း ကောင်းပါတယ်။

၁၃။ တောင်းတဲ့ဆုနဲ့ ပြည့်ဝရစေသား
ဟေမာနေဝင်း ရဲ့ နောက်ထပ် မှတ်တိုင်သီချင်းတစ်ပုဒ်ပါ။ ဟေမာနေဝင်းကိုယ်တိုင်လည်း ပြန်ဆိုထားတာ မကြာသေးတာမို့ အေသင်ထပ်ဆိုတာကို ဘာပြောရမှန်းမသိတော့ပါဘူး။

အေသင်ချိုဆွေ ရဲ့ “အနီးဆုံးလူ... နမ်းမှာလား” တေးစုဟာ တေးစုတစ်ခုလုံးကို ခြုံပြောရရင် ငြိမ့်ငြိမ့်ငြောင်းငြောင်းနဲ့ နားဆင်ပျော်ပါတယ်။ လူငယ်တွေ အတွက် သိပ်ပြီး စိတ်လှုပ်ရှားစေမှာမျိုး မဟုတ်ပါဘူး။ လူလတ်ပိုင်းတွေအတွက်လည်း ဒီတေးစုဟာ အရင်တေးသံရှင်တွေရဲ့ အသံနဲ့ ဟန်က စွဲနေပြီးသားမို့ သိပ်ပြီး စိတ်လှုပ်ရှားစရာဖြစ်မနေပြန်ဘူးလို့ ယူဆပါတယ်။ အေသင်ချိုဆွေ ရဲ့ တေးစုကြီးကို ကိုယ်ခံစားရသလို ပြောပြလိုက်လို့ ဆရာကြီးကျတယ်တော့ မထင်ပါနဲ့။ ကိုယ့်ကို သူ့လို သီချင်းဆိုပြပါဆိုလည်း ဆိုမပြတတ်ပါဘူး။ သီချင်းတွေကို ချစ်တဲ့ ခံစားနားဆင်သူ တစ်ယောက်အနေနဲ့ သူ့ရဲ့ ပုဂ္ဂလိကအမြင်ကို တင်ပြခြင်းသက်သက်ပါပဲ။ ကျွန်တော် ဖတ်မိသလောက်တော့ အေသင်ချိုဆွေ က ဒီတေးစုကို သူမရဲ့ ဒုတိယတေးစု ဆိုတာထက် အမှတ်တယတေးစုအဖြစ်ပဲ သဘောထားတယ်လို့ သိရပါတယ်။ သူမရဲ့ ဒုတိယတေးစုကိုတော့ သင်္ကြန်နားဝန်းကျင်မှာ ဖြန့်ချိမယ်လို့တော့ ဖတ်မိပါတယ်။ အေသင်ချိုဆွေ့ ပရိတ်သတ်တွေအတွက်တော့ ဒီတေးစုဟာ နောက်ထပ်တေးစု မလာခင် စပ်ကြား နားဆင်ပျော်ရွှင်နိုင်မယ့် တေးစုလို့ ထင်ပါတယ်။ ဒီတေးစုထဲက သီချင်းကောင်းလေးတွေကိုတော့ ဒီနေ့ပုဏ္ဍက၊ မောင်သစ်မင်း၊ စိုင်းခမ်းလိတ်၊ မင်းချစ်သူ၊ ညီညီသွင်၊ စိုးလင်း နဲ့ မောင်မောင်ဇော်လတ် တို့က ရေးဖွဲ့ပေးထားပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ အေသင်ချိုဆွေ ရဲ့ “အနီးဆုံးလူ... နမ်းမှာလား” ကို အားပါးတရ နမ်းလိုက်ပါတယ်။ 

သီဟလုလင်

3 comments:

စံပယ်ချို said...

နာမည်ပဲကြားဖူးတယ်တစ်ခါမှနားမထောင်ဖူးသေးဘူး
ခုတော့ နားလဲမထောင်ချင်တော့ပါဘူးသီဟရေး
ထားတာနဲ့ပဲ လုံလောက်သွားတယ်
ခင်တဲ့ jasmine

ဘိုဖြူ said...

ကို့ညီရေးတာနဲ့ပဲ
နားထောင်စရာတောင်မလိုတော့ပါဘူး
ကျေးဇူးပါညီရေ

Z@! said...

ကျွန်တော် အဲ့ဒီခွေကို နားမထောင်ခင်မှာ သူဖြေထားတဲ့ အင်တာဗျူးတစ်ခုကို ဖတ်ပြီး နားထောင်ချင်စိတ်ကုန်သွားတယ်.. တချို့ သီချင်းတွေက ဆိုရတာ အရမ်းခက်လို့ သုံးခေါက်လောက်တောင် ပြန်သွင်းယူရတယ် တဲ့။ ဒီခွေမှာ သူအင်အားစိုက်ထည့်ထားပုံ မပေါ်တဲ့အတွက် နားမထောင်ချင်ခဲ့ဘူး။ နားထောင်ဖြစ်တော့လဲ အကိုပြောသလိုပါပဲ။ မူရင်းအဆိုတော်တွေကိုပဲ ပိုသတိရမိပါတယ်ဗျာ။