Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, January 20, 2012

ပျော်ရွှင်လန်းဆန်းစေတဲ့ နေထိုင်မှုနည်းသစ်များ


တစ်နေ့တစ်နေ့ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ဘဝကြီးမှာ ခြောက်သွေ့ကြေကွဲစရာတွေ၊ အားငယ်ထိတ်လန့်စရာတွေ စသဖြင့် မျိုးစုံ ခံစားဖြတ်သန်းနေရပါတယ်။ ဒီလိုနေရင်းနဲ့ပဲ ဘဝဆိုတာကြီးကို ငြီးငွေ့စရာကြီးအဖြစ် ခံစားသွားရစေပါတယ်။ အလုပ်တာဝန်တွေကိုလည်း မုန်းတီးလာပြီး ကိုယ့်ရဲ့တက်လမ်းကို ဆက်လျှောက်ချင်စိတ်ပျောက်ဆုံးသွားလောက်အောင်လည်း ဖြစ်လာနိုင်ပါတယ်။ ဒါတွေကို အချိန်မီ ပြန်ပြီး တည့်မတ်ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုနည်းလမ်းတွေက ကျွန်တော်တို့ကို ပျော်ရွှင်လန်းဆန်းတဲ့ နေ့ရက်တွေအဖြစ် ဖန်တီးပေးမှာပါလဲ။ ခု ဆက်ပြီး ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကတော့ ကျွန်တော်တို့ကို အစဉ်ပျော်ရွှင်လန်းဆန်းတက်ကြွနေစေမယ့် ဘဝနေထိုင်မှုနည်းသစ်တွေပဲ ဖြစ်ပါတယ်။


  • နေ့စဉ် ၁၀ မိနစ် ကနေ မိနစ် ၃၀ ထိ လမ်းလျှောက်ပေးပါ။ ဒီလိုလမ်းလျှောက်နေစဉ်မှာလည်း အမြဲပြုံးထားပါ။ ဒါမှလည်း စိတ်ပင်ပန်းမှုတွေ အဝေးထွက်ပြေးသွားပါလိမ့်မယ်။
  • နေ့တိုင်းလည်း တစ်ကိုယ်တည်း တိတ်တဆိတ် အနည်းဆုံး ၁၀ မိနစ်လောက် အချိန်ယူ အနားပေးထိုင်နေကြည့်ပါ။
  • ကိုယ်နှစ်သက်မယ်ထင်တဲ့ ဇာတ်ကားကောင်းလေးတွေကို ညဘက် အေးအေးလူလူ ထိုင်ကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်လိုက်ပါ။
  • ပြီးခဲ့တဲ့ နှစ်ကထက် ပိုပြီး ဂိမ်းကစားခြင်းနဲ့ စာအုပ်တွေ ဖတ်ရှုခြင်းတွေကို လုပ်ပေးပါ။
  • အသက် (၇၀) အထက်လူကြီးများ နဲ့ အသက် (၆) နှစ်အောက် ကလေးများကြားမှာ နေထိုင် အချိန်ပေး ပျော်ရွှင်ကြည့်ပါ။
  • စိတ်ကူးယဉ်တာတွေကိုလည်း ပိုပြီးလုပ်ဆောင်ပါ။
  • ဖြစ်နိုင်မယ်ဆိုရင် အပင်ပေါ်က လတ်လတ်ဆတ်ဆတ် ခူးလို့ရတဲ့ သဘာဝအသီးအနှံတွေကို များများစားပေးပြီး ရောင်းတန်းအသီးအနှံတွေကို လျှော့စားပေးပါ။
  • တစ်နေ့ကို အနည်းဆုံး လူ (၃)ယောက်လောက် ကိုယ့်ကြောင့် ပြုံးပျော်ရွှင်သွားအောင် လုပ်ကြည့်ပါ။
  • အတင်းအဖျင်းတွေကြားမှာ ကိုယ့်ရဲ့ အဖိုးတန်လှတဲ့ အစွမ်းအစတွေကို အလဟဿမဖြစ်ပါစေနဲ့။ အတိတ်က ပြဿနာတွေကို ပြန်တူးဖော်တာမျိုးရော၊ အနုတ်လက္ခဏာဆောင်တဲ့ အတွေးအခေါ် အပြုအမူတွေကြားမှာရော အကုန်မခံပါနဲ့။ အဲဒါတွေအစား ကိုယ့်ရဲ့ အစွမ်းသတ္တိတွေကို ကောင်းတဲ့ လက်ရှိခဏမှာပဲ သေချာ အသုံးပြုလိုက်ပါ။
  • ဘဝဆိုတာ တကယ်တော့ ကျောင်းတော်ကြီးပဲဆိုတာ သဘောပေါက်လိုက်ပြီး ကိုယ်က ဒီနေရာကို သင်ယူလေ့လာဖို့ ရောက်နေတယ်ဆိုတာ သိထားလိုက်ပါ။ ပြဿနာ အခက်အခဲဆိုတာတွေက ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းသာသာလေးတွေပဲဖြစ်ပြီး သင်္ချာပုဒ်စာတွေလို ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒီသင်ခန်းစာတွေက ကိုယ့်ဘဝတစ်လျှောက်လုံးသင်ယူသွားရမယ့် သင်ခန်းစာတွေပါပဲ။
  • မနက်စာကို ဘုရင်တစ်ပါးလိုပဲ တခန်းတနားစားပေးပါ။ နေ့လည်စာကိုတော့ မင်းသားလေးလို စားပေးပြီး ညစာကိုတော့ ငွေခမ်းနေတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်လို စားပေးလိုက်ပါ။
  • ပိုပြုံး၊ ပိုရယ် ပါ။ ဒါတွေက ကိုယ့်ရဲ့ အလွမ်းအဆွေးနဲ့ သောကတွေကို အဝေးလွင့်စင်သွားစေပါတယ်။
  • ဘဝဟာ မမျှတဘူးဆိုပေမယ့်လည်း ကောင်းမွန်နေသေးတယ်ဆိုတာ လက်ကိုင်ထားပါ။
  • ဘဝက တစ်ဦးတစ်ယောက်ကို မုန်းတီးနေပြီး ခံစားအချိန်ဖြုန်းရလောက်အောင် ပိုင်ဆိုင်ချိန်ကရှည်လျားမနေဘူးဆိုတာလည်း သတိရပါ။
  • ကိုယ်မနိုင်တဲ့ကိစ္စကိုလည်း အတင်းအကျပ်ကြီး လုပ်ဆောင်ဖို့ ကိုယ့်ကိုကိုယ် ဖိအားမပေးပါနဲ့။ လူတိုင်းလည်း ကိုယ့်လိုပဲဆိုတာ သိထားပါ။
  • အငြင်းပွားစရာတိုင်းမှာ ကိုယ်အနိုင်ရဖို့ မလိုပါဘူး။ ကိုယ် သဘောမတူဘူးဆိုတာကိုပဲ သဘောတူထားလိုက်ပါ။
  • ကိုယ့်အတိတ်က ဖြစ်ရပ်တွေကိုလည်း အေးဆေးလေးထားလိုက်မှသာ ကိုယ့်လက်ရှိအခြေအနေကို မထိခိုက်စေမှာပါ။
  • ကိုယ့်ဘဝကို သူများဘဝတွေနဲ့လည်း ချိန်ထိုးနှိုင်းယှဉ်မနေပါနဲ့။ သူတို့လျှောက်နေတဲ့လမ်း က ဘယ်လိုဆိုတာ ကိုယ်လည်း သေချာသိရတာ မဟုတ်ဘဲနဲ့။
  • ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင်ပဲ ဦးဆောင်ဖန်တီးနိုင်တာပါ။ ဘယ်သူမှ လုပ်မပေးနိုင်ပါဘူး။
  • လူတိုင်းအပေါ်လည်း ခွင့်လွှတ်သည်းခံနိုင်ဖို့ ကြိုးစားပါ။
  • လူတွေကိုယ့်အကြောင်း ဘယ်လိုထင်ထင် ဒါကိုယ့်အလုပ်မဟုတ်ဘူးလို့ပဲ ခံယူထားလိုက်ပါ။
  • ဘာသာတရားကို နဲ့ အချိန်က အရာရာကို ကုစားနိုင်တယ်ဆိုတာလဲ မမေ့ပါနဲ့။
  • ဘယ်လိုပဲ ကောင်းနေနေ၊ ဆိုးနေနေ၊ အခြေအနေတွေက မတည်မြဲဘူးဆိုတာလည်း လက်ကိုင်ထားပါ။
  • ကိုယ့်ရဲ့အလုပ်က ကိုယ်နေထိုင်မကောင်းဖြစ်တဲ့အခါ ဘာမှ လုပ်မပေးနိုင်ဘူးဆိုတာလည်း သတိရပါ။
  • သူငယ်ချင်းတွေကတော့ ကူပေးနိုင်မှာဖြစ်လို့ သူတို့နဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။
  • အကောင်းဆုံးတွေ လာတော့မယ်လို့ အမြဲခံယူထားပါ။
  • ဘယ်လိုပဲ စိတ်ထဲမှာ ခံစားနေရပါစေ၊ အလှဆုံးပြင်ဆင်ဝတ်စားနေထိုင်ပါ။
  • မှန်တယ်ထင်တာတွေကို လုပ်ဆောင်ပါ။
  • မိသားစုနဲ့ အချိန်ပေးနေထိုင်ပါ။ 
  • ရီသင့်တဲ့အချိန်မှာ ရီမောပါ။ တောင်းပန်စရာရှိရင်လည်း တောင်းပန်ပြီး ကိုယ့်ကိုကိုယ် ပြင်ဆင်လို့မရတဲ့ ကိစ္စလေးတွေကိုလည်း ဒီအတိုင်းထားပြီး ပျော်ပျော်သာနေလိုက်ပါ။

အားလုံးပဲ ပျော်ရွှင်လန်းဆန်းတဲ့ နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေ။

သီဟလုလင်

3 comments:

စံပယ်ချို said...

သီဟရေ
အားလုံးတော့ မလုပ်နိုင်ဘူးဟယ်
အိပ်မရတဲ့သူလေ
နောက်ပြီးအချိန်ဆင်းရဲတဲ့သူမို့လို့ပါ---
ကျန်တာတွေတော့လုပ်ဖြစ်ပါတယ်

နှင်းဆီ said...

သီဟရေ
ကျေးဇူးပါ
တတ်နိုင်သလောက်လုပ်ကြည်.ပါ.မယ် :)
ခုတလော စိတ်ဖိစီးမှုများနေတာ

Candy said...

ရက်စ်ဆား.. မှတ်သားသွားပါတယ် :)