Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, January 13, 2012

အင်တာဗျူးမဝင်ခင် ကြိုတင်ပြင်


မိမိ လျှောက်ထားတဲ့ အလုပ်နဲ့ မိမိရဲ့ အရည်အချင်း၊ အတွေ့အကြုံတို့နဲ့ ကိုက်ညီပြီး ပဏာမ ရွေးချယ်ခံရသူစာရင်း (Shortlist) မှာပါလို့ လူတွေ့စစ်ဆေးဖို့ interview အတွက် အကြောင်းကြားခံရပြီ ဆိုပါစို့။ အဲဒီအခါမှာ ကြိုတင်သိထားသင့်တဲ့ လုပ်ဆောင်ရမယ့် အချက်အလက်လေးတွေကို  ရေးသားတင်ဆက်ပါမယ်။ သာမန်တွေးကြည့်ရင်တော့ စာတစ်စောင် ပေတစ်ဖွဲ့ ရေးပြစရာ လိုပါ့မလားလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့်လည်း အဲဒီအချက်အလက်တွေဟာ အရေးမပါဘူးလို့ ထင်ရပေမယ့် မိမိရဲ့ အင်တာဗျူး အတွက် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးပေးကြမယ့် အချက်လေးတွေ ဖြစ်ပါတယ်။


ပထမဦးဆုံး မိမိ စဉ်းစားရမယ့်အချက်က မိမိကို အင်တာဗျူးခေါ်ယူတဲ့ ကုမ္ပဏီအဖွဲ့အစည်းရဲ့ တည်နေရာကို သိပါသလား။ သိရင်တော့ ကိစ္စမရှိပေမယ့် မသိရင်တော့ ကြိုတင်ပြီး စုံစမ်းမေးမြန်းထားသင့်ပါတယ်။ ဘယ်ဘတ်စ်ကားကို စီးပြီး ဘယ်မှတ်တိုင်မှာ ဆင်းရမယ်ဆိုတာကို တယ်လီဖုန်းနဲ့ အရင်စုံစမ်းရမှာ ဖြစ်ပါတယ်။ တချို့က အင်တာဗျူး ဖြေဖို့ အကြောင်းကြားခံရပေမယ့် မိမိကို အင်တာဗျူးခေါ်ယူတဲ့ ကုမ္ပဏီ အဖွဲ့အစည်းရဲ့ တည်နေရာကိုရှာရင်း အင်တာဗျူး အချိန်လွန်သွားမှ ရောက်သွားလို့ နစ်နာခဲ့ရတဲ့သူတွေ ရှိပါတယ်။ ဘာမဟုတ်တဲ့ မြင်းခွာက သံလေးကျွတ်တာကို ဂရုမစိုက်မိလို့ စစ်ပွဲကြီး ဆုံးရှုံးသွားရတဲ့ သာဓကကို ကြားဖူးကြမှာပါ။ ဒါကြောင့် ဒီအချက်လည်း မထင်မှတ်ဘဲ အရေးပါတယ်ဆိုတာ Shortlist ပါလို့ အင်တာဗျူးအတွက် ဖိတ်ကြားခံရတဲ့သူတွေ သတိပြုရမယ့်အချက်ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ မိမိကို ချိန်းဆိုထားတဲ့နေ့မှာ မိမိကို ချိန်းဆိုတဲ့အချိန်ထက် ၁၅ မိနစ်စောပြီး အရောက်သွားဖို့ လိုပါတယ်။ ချိန်းတဲ့အချိန်ကို ကွက်တိချိန်ပြီး မသွားသင့်ပါဘူး။ ၁၅ မိနစ်စောပြီး ရောက်သွားတဲ့အတွက် မိမိအနေနဲ့ Test သို့မဟုတ် အင်တာဗျူးအတွက် စိတ်လှုပ်ရှားမှုကို ဖြေလျော့စေနိုင်မှာ ဖြစ်ပါတယ်။ ကြိုတင်ရောက်ရှိနေလို့ Test သို့မဟုတ် အင်တာဗျူးတွေကို စိတ်တည်ငြိမ်စွာနဲ့ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ မိမိဟာ အရည်အချင်း၊ အတွေ့အကြုံတွေနဲ့ ကိုက်ညီလို့ မိမိ လျှောက်ထားတဲ့ရာထူးအတွက် ပဏာမ ရွေးချယ်ခံရသူစာရင်း Shortlist မှာ ပါတယ်ဆိုပြီး မိမိကိုယ် မိမိ အထင်မကြီးစေလိုပါ။ အလုပ်ရဖို့အတွက် ပဏာမအဆင့်ပဲ ရှိပါသေးတယ်။ မိမိလျှောက်ထားတဲ့အလုပ်အတွက် အလုပ်နဲ့ပတ်သက်တဲ့ ဆန်းစစ်ချက် (Test) တွေ၊ ခုခေတ်ကြီးဟာ IT ခေတ် ဖြစ်တာကြောင့် ကွန်ပျူတာ ကျွမ်းကျင်ပိုင်နိုင်မှု စစ်ဆေးချက် (Computer Skill Test) နဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုစစ်ဆေးချက် (English Proficiency Test) စတာတွေကို ကုမ္ပဏီ အဖွဲ့အစည်း ကြီးရင် လူတွေ့အင်တာဗျူး မတိုင်ခင် စစ်ဆေးလေ့ရှိပြီး အဲဒီ test တွေ အောင်မြင်မှသာ လူတွေ့ အင်တာဗျူး ဝင်ရတာတွေ ရှိတတ်ပါတယ်။ တချို့ကုမ္ပဏီ အဖွဲ့အစည်းတွေမှာတော့ အထက်မှာ ဖော်ပြခဲ့တဲ့ test တွေနဲ့ အင်တာဗျူးကို တစ်ရက်တည်းမှာပဲ ဆက်တိုက်ပြုလုပ်လေ့ရှိပါတယ်။

မိမိဟာ သူများတွေနဲ့မတူဘဲ ပဏာမရွေးချယ်ခံရသူစာရင်း Shortlist မှာ ပါလာပြီဆိုကတည်းက လိုအပ်တဲ့ ဆန်းစစ်ချက် (Test) တွေနဲ့ လူတွေ့ အင်တာဗျူးအတွက် သေသေချာချာ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ အလုပ်ကို မိမိက လိုချင်လို့ လျှောက်တယ်၊ အလုပ်ကလည်း မိမိရဲ့ အရည်အချင်း၊ အတွေ့အကြုံနဲ့ ကိုက်ညီလို့ မိမိကလည်း ပဏာမ ရွေးချယ်ခံရသူ စာရင်းမှာ ပါနေမှတော့ ဒီအလုပ်ကို ရအောင် လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားလို့ မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ပါ။ ရအောင်လုပ်မယ်ဆိုရင် ကြိုတင်ပြင်ဆင်သွားရင် မရနိုင်စရာမရှိပါဘူး။ အလုပ်လိုချင်လို့ လျှောက်ပြီဆိုမှတော့ ဒီအလုပ်ကို ရအောင်ကို လုပ်ရပါမယ်။ ဒီနေရာမှာ အကြံပြုလိုတာက နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီကြီးတွေ၊ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (INGO) မှာဆိုရင် နိုင်ငံခြားသားဝန်ထမ်း (Expatriate) တွေ ရှိတာကြောင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုစစ်ဆေးခြင်း (English Proficiency Test) ကို လုပ်ဆောင်လေ့ရှိပါတယ်။ ဒါကြောင့် ဝန်ထမ်းလောင်းဖြစ်တဲ့ မိမိက ဒါတွေကို ကြိုတင်ပြင်ဆင်လေ့လာထားဖို့ လိုပါတယ်။ အနည်းဆုံး မိမိရဲ့ အကြောင်း (Myself) ကို အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောတတ်အောင် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားသင့်ပါတယ်။ နောက်ပြီးတော့ မိမိလျှောက်ထားတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း အင်္ဂလိပ်လို ကြိုတင်လေ့လာစုံစမ်းထားသင့်ပါတယ်။ ယနေ့ခေတ်ဟာ ရှေ့မှာ ပြောခဲ့သလို IT ခေတ် ဖြစ်နေတာကြောင့် အင်တာနက်မှာ ရှာရင် လွယ်ပါတယ်။

ပွဲမဝင်ခင် အပြင်မှာ ကျင်းပ ဆိုသလို မိမိဘဝအတွက် အရေးကြီးတဲ့အလုပ်တစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုတွေက မလွဲမသွေ လုပ်ရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အလုပ်ခေါ်တဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေက ဆန်းစစ်ချက် (test) တွေ အောင်မြင်လို့ လူတွေ့အင်တာဗျူး ဖြေဆိုရတဲ့အခါ တချို့ ကုမ္ပဏီ အဖွဲ့အစည်းတွေမှာ တစ်ခါတည်းနဲ့ မပြီးပြတ်တာတွေ ရှိတတ်ပါတယ်။ တစ်ခါတလေ ၇ ခါ၊ ၈ ခါ လောက်အထိ ခေါ်တွေ့တတ်ပါတယ်။ အဲဒီလိုခေါ်တဲ့အခါ တချို့လူများက စိတ်မရှည်တတ်ကြပါဘူး။ အဲဒီအခါမှာ လူတွေ့ အင်တာဗျူး ခဏခဏခေါ်လွန်းလို့ စိတ်မရှည်တော့ဘဲ အဲဒီအလုပ်ခေါ်တဲ့ ကုမ္ပဏီ အဖွဲ့အစည်းက တယ်လီဖုန်းနဲ့ အကြောင်းကြားလာသူကို “ခင်ဗျားတို့ ကုမ္ပဏီက ခဏခဏ အင်တာဗျူးခေါ်တာပဲ၊ ဒီတစ်ခါ အင်တာဗျူးကရော တကယ်ခန့်တော့မှာမို့လို့လား” စသဖြင့် ပြန်ပြောတတ်ကြပါတယ်။ အဲဒါဟာ လုံးဝ (လုံးဝ) မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ မိမိကို အရေးတယူနဲ့ လူတွေ့အင်တာဗျူး ထပ်ခေါ်တာကို မိမိ အနေနဲ့ “မိမိဟာ အင်တာဗျူး တစ်ဆင့်ပြီး တစ်ဆင့် အရွေးခံနေရလို့ ဒီလို မကြာခဏ လူတွေ့ အင်တာဗျူး ခေါ်ခံရတာပဲ” လို့ မှတ်ယူလိုက်ပါ။ ဒါကြောင့် စိတ်ရှည်သည်းခံပြီး လူတွေ့ အင်တာဗျူးကို သွားရောက် ဖြေဆိုသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။

လူတွေ့ အင်တာဗျူးတွေများတဲ့ သဘောက ပဏာမရွေးချယ်ခံရသူစာရင်း Shortlist ကနေ ဝန်ထမ်းလောင်း (candidate) အဆင့်၊ အဲဒီအဆင့်ကနေ တကယ်လိုအပ်တဲ့ တကယ့်လိုအပ်ချက်နဲ့ ပြည့်စုံ ကိုက်ညီတဲ့သူကို ရဖို့အတွက် လူတွေ့ အင်တာဗျူး အဆင့်ဆင့် စစ်ဆေးရတာဖြစ်ပါတယ်။ အပြစ်အနာအဆာ ကင်းစင်ပြီး အရည်အသွေးပြည့်ဝတဲ့ ဆန်ကောင်းဆန်သန့်ရဖို့အတွက် ဆန်ခါကဲ၊ ဆန်ခါလတ်၊ ဆန်ခါစိပ်စိပ်နဲ့ ဆန်ခါတိုက် စိစစ်ရသလို အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံ ပြည့်စုံကြွယ်ဝတဲ့ ဝန်ထမ်းတစ်ဦးရဖို့အတွက်လည်း လူတွေ့ အင်တာဗျူး အဆင့်ဆင့် လုပ်ရတဲ့ သဘောပဲပေါ့။ မိမိကို လူတွေ့ အင်တာဗျူး မကြာခဏ ခေါ်တဲ့အခါ မိမိဟာ ဆန်ခါကျဲ၊ ဆန်ခါလတ်တွေကနေ ကျော်ဖြတ်ပြီး ဆန်ခါစိပ်စိပ်နဲ့ ဆန်ခါတိုက်သလို အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံပြည့်စုံလို့ ခေါ်တာဖြစ်တယ်လို့ သဘောပေါက်နားလည်စေလိုပါတယ်။

စတုတ္ထအချက်ကတော့ မိမိအနေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီ၊ အဖွဲ့အစည်းက စစ်မေးတဲ့ ဆန်းစစ်ချက် (test) နဲ့ ခေါ်ယူတဲ့ လူတွေ့ အင်တာဗျူး ဖြေဆိုတဲ့အခါ ဂရုစိုက် ရမယ့် ဝတ်စားဆင်ယင်မှုပဲ ဖြစ်ပါတယ်။ အမျိုးသားများအတွက် အကြံပြုရရင်တော့ ဆံပင်ကို ကျနစွာ ဖြီးသင်ပြီး သန့်ရှင်းသပ်ရပ်တဲ့ အဝတ်အစားကို ဝတ်ဆင်သွားရပါမယ်။ တချို့ကုမ္ပဏီ၊ အဖွဲ့အစည်းတွေက စတိုင်လ်ဘောင်းဘီ ဝတ်သွားလို့ရပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်က လူတွေ့ အင်တာဗျူးမှာ ဂျင်းဘောင်းဘီနဲ့ တီရှပ်တို့လို လုံးဝ (လုံးဝ) ဝတ်မသွားသင့်ပါဘူး။ ကွမ်းစားတတ်တဲ့သူ၊ ဆေးလိပ်သောက်တတ်တဲ့ သူများအနေနဲ့ မိမိကို ချိန်းဆိုထားသောနေ့မှာ ကွမ်းလုံးဝ စားမသွားပါနဲ့၊ ဆေးလိပ်လည်း လုံးဝသောက်မသွားပါနဲ့လို့ အကြံပြုလိုပါတယ်။ အထူးသဖြင့် ကျန်းမာရေးလုပ်ငန်းတွေကို အလေးပေး ဆောင်ရွက်နေတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေဆိုရင် ကွမ်းစားတတ်တဲ့သူ၊ ဆေးလိပ်သောက်တတ်သူတွေကို အလုပ်ခန့်လေ့မရှိကြပါဘူး။ အမျိုးသမီးများအတွက် အကြံပြုရမယ်ဆိုရင်တော့ မိမိတို့ရဲ့ ဆံပင်ကို ကျနစွာ ဖြီးသင်ပြီး ဆံပင်ရှည်တဲ့သူဆိုရင် ကျစ်ဆံမြီးကျစ်ပြီး သို့မဟုတ် ဆံပင်ကို ချည်နှောင်ပြီးမှ သွားသင့်ပါတယ်။ ဆံပင်ကို ဖားလျားမချသင့်ပါဘူး။ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားသွားရမှာ ဖြစ်ပါတယ်။ "လူမှာအဝတ် တောင်းမှာ အကွပ်" ဆိုတဲ့ ဆိုရိုးစကားကို မေ့ထားလို့ မဖြစ်ပါဘူး။

ပဉ္စမအချက်ကတော့ လူတွေ့ အင်တာဗျူးဝင်တဲ့အခါမှာ မိမိကို လူတွေ့အင်တာဗျူး စစ်မေးမယ့်သူတွေကို မိမိထက် အသက်ငယ်သူ ပါနေပါစေ လေးလေးစားစား ပြောဆိုဆက်ဆံရမှာဖြစ်ပါတယ်။ အတွေ့အကြုံရှိတဲ့သူတွေတောင် လူတွေ့အင်တာဗျူးဝင်တဲ့အခါ စိတ်လှုပ်ရှားတတ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ စိတ်လှုပ်ရှားမှုကို ပြေပျောက်အောင် ပီကေ၊ ချိုချဉ် ငုံထားခြင်း၊ မိမိရှေ့ရှိစားပွဲပေါ်တွင် မိမိလက်နှစ်ဖက်ကို တင်ပြီး လက်ဆစ်ချိုးခြင်း၊ လက်ချောင်းများကို အပြန်အလှန် ပွတ်သပ်ခြင်း၊ လက်ချောင်းများကို အပြန်အလှန် ပွတ်သပ်ခြင်း၊ လက်ကိုင်ပုဝါကို လိမ်ညှစ်ခြင်း၊ ဒူးနန့်ခြင်း၊ ဆံပင်ကို ခေါင်းဖြင့်ဆတ်၍ မကြာခဏပင့်တင်ခြင်း စသည်တို့ကို ဖြစ်နိုင်ရင် လုံးဝ မလုပ်စေလိုပါ။ (ကာယကံရှင်မှာ စိတ်လှုပ်ရှားနေသဖြင့် ယင်းသို့ပြုလုပ်နေမိသည်ကို သတိမပြုမိကြပါ။) အဲဒါတွေကို လုပ်တာ၊ မလုပ်တာနဲ့ အလုပ်ခန့်တာ၊ မခန့်တာနဲ့တော့ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် လူတွေ့အင်တာဗျူး ဖြစ်လို့ လူတွေ့စစ်ဆေးမေးမြန်းသူများက မိမိကို လေ့လာအကဲခတ်နေကြတယ်ဆိုတာ သတိပြုရပါမယ်။

နောက်ဆုံးအချက်ကတော့ လူတွေ့ စစ်ဆေးမေးမြန်းသူများ မေးမြန်းသော မေးခွန်းများကို သွက်လက်စွာ ဖြေဆိုသင့်ပါတယ်။ မိမိမသိပါကလည်း မသိကြောင်း မလိမ်မညာဘဲ ဖြေဆိုရမှာ ဖြစ်ပါတယ်။ မိမိကို မေးမြန်းသော မေးခွန်းများအား ဖြီးဖြန်းဖြေဆိုခြင်း မပြုလုပ်သင့်ပါဘူး။ မိမိက မသိ၍ မသိပါကြောင်း ပြန်လည်ဖြေကြားခြင်းသည် အပြစ်မဟုတ်ပါ။ ဖြီးဖြန်းဖြေဆိုခြင်း၊ လိမ်ညာဖြေဆိုခြင်းများသာလျှင် အပြစ်ဖြစ်ပါတယ်။ မိမိအား မေးခွန်းမေးမြန်းတဲ့ လူတွေ့ စစ်ဆေးမေးမြန်းသူကို တည့်တည့်ကြည့်ပြီး မိမိသလျှင် သိပါကြောင်း၊ မိမိ မသိလျှင် မသိပါကြောင်း ဖြေကြားရပါမယ်။ မိမိက စိတ်လှုပ်ရှားနေတဲ့အတွက် ခေါင်းငိုက်စိုက်ချပြီး သို့မဟုတ် မေးခွန်းမမေးတဲ့လူကို ကြည့်ပြီး ပြန်လည်ဖြေကြားခြင်းမျိုးကို လုံးဝ မလုပ်သင့်ပါဘူး။ လူတွေ့ စစ်ဆေးမေးမြန်းသူများက မိမိကို အင်တာဗျူးလုပ်တဲ့အခါ မိမိရဲ့ အလုပ်လျှောက်လွှာနဲ့အတူ CV ကို ကြည့်ပြီး မေးမြန်းတတ်ပါတယ်။ အဲဒီလို မေးမြန်းစဉ်မှာ မိမိရဲ့ အကြောင်းတွေကို CV မှာ ပါပေမယ့်လည်း မိမိကို ထပ်မေးတတ်ပါတယ်။ တချို့လူတွေ့စစ်ဆေးမေးမြန်းခံရသူတွေက “CV ထဲမှာ ပါပြီးသားပါ” လို့ မေးတာကို မဖြေဘဲ အဲဒီလို ပြန်ပြောတတ်ကြပါတယ်။ အမှန်က အဲဒီလို ပြန်မပြောရပါဘူး။ ဒီနေရာမှာ သဘောပေါက်နားလည်ရမှာက CV ထဲက အချက်အလက်တွေကို ဒိုးဒိုးဒေါက်ဒေါက်၊ သွက်သွက်လက်လက် ဖြေကြားပေးရမှာ ဖြစ်ပါတယ်။

လူတွေ့စစ်ဆေးမေးမြန်းသူများက သူတို့စိတ်တိုင်းကျ မေးမြန်းပြီးလို့ မိမိကို သွားနိုင်ပြီဖြစ်ကြောင်း၊ ပြောကြားလာပါက ဒီအတိုင်း ဘာမှမပြောဘဲ အင်တာဗျူး ဖြေတဲ့ အခန်းထဲကနေ ထွက်မလာသင့်ပါဘူး။ “မိမိကို အချိန်ပေး၍ မေးမြန်းသည်ကို ကျေးဇူးတင်ပါကြောင်း၊ အလုပ်ခန့်ထားခံရလျှင်လည်း အစွမ်းကုန် ကြိုးစားဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အလုပ်ခန့်ထားခံရလျှင်လည်း အစွမ်းကုန် ကြိုးစားဆောင်ရွက်မည် ဖြစ်ပါကြောင်း၊” ပြောကြားနှုတ်ဆက်ပြီးမှ အင်တာဗျူးဖြေတဲ့အခန်းထဲက ထွက်ခဲ့ရပါမယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ သာမန်ကြည့်လိုက်ရင်တော့ ဘာမှ မဟုတ်သလိုပါပဲ။ ဒါပေမယ့်လည်း မိမိဘဝအတွက် အရေးကြီးတဲ့၊ မိမိ အရည်အချင်းနဲ့ ကိုက်ညီတဲ့၊ မိမိအတွေ့အကြုံနဲ့ ဆီလျော်တဲ့ အလုပ်တစ်ခုအတွက် အဲဒီအချက်အလက်လေးတွေဟာ တစ်ထောင့် တစ်နေရာကနေ သူ့နေရာနဲ့သူ အရေးပါကြပါတယ်။ ဒါကြောင့် အင်တာဗျူး အတွက် အရွေးခံရတဲ့ ဝန်ထမ်းလောင်းများ သိရှိနားလည်သဘောပေါက်ပြီး မိမိ ဘဝအတွက် အရေးကြီးတဲ့ မိမိအရည်အချင်းနဲ့ ကိုက်ညီပြီး မိမိ အတွေ့အကြုံနဲ့ ဆီလျော်တဲ့အလုပ်ကို အဆင်ပြေချောမွေ့စွာ ရရှိကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

အုန်းဝမ် (ရန်ကုန်တက္ကသိုလ်)

1 comments:

ချောကလက်ကျူးပစ်လေး said...

သေသေချာချာကြီးကိုမှတ်သားလိုက်ပီကိုသီပာရေ