Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, January 21, 2012

ချစ်ခင်ရသူတွေကို ပွေ့ဖက်ကြင်နာပါ


တစ်နေ့တာအတွက် စိတ်ရောလူပါ ကျန်းမာရွှင်လန်းနေစေဖို့အတွက် အားကစားတစ်မျိုးမျိုးကို ဂရုတစိုက် ပြုလုပ်ဖို့ တိုက်တွန်းတတ်ကြသလိုပဲ ဖြည့်စွက်မှုအနေနဲ့ သိပ္ပံနည်းကျလေ့လာမှုတွေအရ ပွေ့ဖက်ခြင်းဟာလည်း  သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရရှိစေတယ်ဆိုတာကို သင်သိပါရဲ့လား။ စိတ်စွမ်းအင်တွေကို ပြန်လည်ရရှိစေဖို့အတွက် ပွေ့ဖက်ပေးတာကို မျက်လှည့်ပြလိုက်သလိုပဲ အစွမ်းထက်တယ်လို့ ဆိုကြပါတယ်။ လူတိုင်းဟာ တခြား ရောဂါဘယတွေ ဘယ်လောက်ပဲ စိုးမိုးနေပါစေ စိတ်ဓါတ်သာ ခိုင်မာနေဖို့လိုပါတယ်။ စိတ်ဓါတ်သာ ကျသွားပြီဆိုရင်တော့ ဘယ်ဆရာဝန်မှ အသက်ကယ်ဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာဟာ အရမ်းကို အရေးပါတဲ့ ကုသမှုထဲမှာ ပါဝင်နေတာပါ။


နိုင်ငံတကာမှ လေ့လာမှုများ

ကနေဒါမှ လေ့လာမှုတွေအရ တစ်ဦးနဲ့ တစ်ဦး အပြုသဘောဆောင်ပြီး ပွေ့ဖက်ကြင်နာတာကြောင့် အကျိုးရလဒ်များစွာ ရရှိစေကြောင်း တွေ့ရှိခဲ့ပြီးပါပြီ။ ယင်းလေ့လာမှုအရ တစ်နေ့ကို ကိုယ်ချစ်ခင်တဲ့သူနဲ့ နှစ်ကြိမ်လောက် ပွေ့ဖက်ခြင်းကို ခံရတာဟာ ကျန်းမာရေးကောင်းစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုလို့ ဆိုပါတယ်။ မနက်ပိုင်းမှာ အလုပ်မသွားခင် ကိုယ့်မိခင်၊ ဖခင်တွေရဲ့ ပွေ့ဖက်နှစ်သိမ့်မှု၊ ကိုယ်ချစ်ခင်သူရသူတွေရဲ့ ပွေ့ဖက်နှစ်သိမ့်မှုတွေကို ရရှိခဲ့သူတွေဟာ တစ်နေ့တာလုံး ပျော်ရွှင်မှုတွေ၊ ယုံကြည်မှုတွေနဲ့ ခရီးဆက်နေနိုင်ပါတယ်။ စိတ်သောကနဲ့ ပူပန်မှုတွေများနေချိန်မှာ ၁၀ မိနစ်လောက် ကိုယ်ချစ်ခင်တဲ့သူရဲ့ ပွေ့ဖက်နှစ်သိမ့်ပေးမှုကို ရရှိမယ်ဆိုရင် တခြားဘာဆေးမှ ကူစရာမလိုဘဲ ဖိစီးမှုတွေကို ပြေပျောက်သွားစေနိုင်ပါတယ်။

ဗာဂျီးနီးယားမှ လေ့လာမှုတွေအရ လူပေါင်း ၄၂ ဒသမ ၅ မီလျံလောက်ကို လေ့လာမှုတွေအရ ပွေ့ဖက်ခြင်းရဲ့ အကျိုးရလဒ်ကောင်းကို ရှာတွေ့ခဲ့ပါတယ်။ ယင်းလေ့လာမှုအရ ပွေ့ဖက်တာဟာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ သွေးဖိအားကျတာတွေ၊ နှလုံးခုန်နှုန်းနှေးတာ မြန်တာတွေကို လျော့ပါးစေတယ်ဆိုတာ၊ ကိုတွေ့ရှိခဲ့ပါတယ်။

ပွေ့ဖက်၊ ကြင်နာမှုပုံစံများ

၁။ လူတစ်ဦးနဲ့ တစ်ဦး အနီးစပ်ဆုံးနဲ့ အရင်းနှီးဆုံးအနေအထား ဆက်ဆံမှုတစ်ခုပါပဲ။ အရင်ဆုံး လူချင်းတွေ့ချိန်မှာ လက်တွေက ဆန့်ထုတ်ရင်း တစ်ဖက်လူကို လိုလားတဲ့ပုံစံမျိုးနဲ့ ဦးတည်သွားပြီးမှ ပွေ့ဖက်လိုက်တာမျိုးပါ။ ပွေ့ဖက်တဲ့သူရဲ့ အားပေးတဲ့ပြောစကားနဲ့အတူ ပွေ့ဖက်ခံတဲ့သူရဲ့ ပုခုံးလေးကို ပုတ်ရင်း နှစ်သိမ့်ပေးတာမျိုးပါ။ ဒီအပြုအမူမျိုးဟာ ပါးစပ်က ဘာမှ ဖွင့်ဟပြီး ပြောဆိုမှုမရှိပေမယ့် တစ်ဖက်လူရဲ့  ခံစားချက် ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေက သင်က “ငြိမ်းအေးသွားမှာပါကွာ၊ အားလုံးပြီးသွားမှာပါ ဘာမှ မစိုးရိမ်ပါနဲ့တော့” လို့ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။
၂။ မတ်တတ်ရပ်ရင်း မျက်နှာချင်းဆိုင်တစ်ဦးနဲ့ တစ်ဦးပွေ့ဖက်တာမျိုးပါ။ အနောက်နိုင်ငံသားတွေ တစ်ဦးနဲ့ တစ်ဦး တွေ့ဆုံချိန်မှာ နှုတ်ဆက်တဲ့ နှုတ်ဆက်မှုမျိုးပါ။ ဒါဟာ တစ်ဦးနဲ့ တစ်ဦး မိတ်ဆွေ ဖွဲ့ခြင်း၊ ခင်မင်သူ တစ်ယောက်အနေနဲ့ အသိအမှတ်ပြုခြင်းနဲ့ လေးစားချစ်ခင်ခြင်းတွေကို ဖော်ဆောင်ပါတယ်။ ဒီလို နှုတ်ဆက်လိုက်တာကြောင့် တစ်ဦးနဲ့ တစ်ဦးကြားမှာ ခင်မင်ရင်းနှီးမှုကို ပိုမိုပွားများစေကာ စကားပြောရာမှာလည်း ပိုမိုချောမွေ့စေပါတယ်။ ဒါကြောင့် နောက်ထပ်အကြိမ်များစွာ တွေ့နေတဲ့ သူငယ်ချင်းတွေလိုပဲ ရင်းနှီးခင်မင်မှုကို ပိုမိုရရှိစေမယ့် ပွေ့ဖက်နည်းပါ။
၃။ ပုခုံးချင်းထိပြီး တစ်ယောက်ပုခုံးကို တစ်ယောက်က ပုတ်ရိုက်ကာ ခြေတစ်လှမ်း၊ အကွာလောက်က ပွေ့ဖက်တာမျိုးပါ။ ဒါကတော့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အလုပ်တစ်ခုကို စတင်လုပ်ဆောင်မယ့်အချိန်မျိုးမှာ တစ်ဦးကို တစ်ဦးက အားပေးရင်း အကောင်းဆုံးဖြစ်စေတဲ့ ဆန္ဒနဲ့ ပွေ့ဖက်ခြင်းမျိုးပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်မယ့် လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုကို ဦးတည်တဲ့ ပွေ့ဖက်ခြင်းမျိုးပါပဲ။
၎။ အနောက်ဘက်ကနေ မတ်တတ်ပွေ့ဖက်တာမျိုးပါ။ တစ်ဦးနဲ့ တစ်ဦး အချိန်အကြာကြီးဝေးကွာနေရာကနေ ပြန်တွေ့ချိန်မျိုး၊ ကိုယ်ချစ်တဲ့သူအကြောင်းကို စဉ်းစားနေရာက ဆုံးရှုံးရမှာကို တွေးတောမိရင်း သတိရချိန်မျိုးနဲ့ ကိုယ့်စိတ်ထဲမှာ တစ်ခုခုခံစားရချိန်တွေမှာ တစ်ဖက်လူကို အားကိုးချစ်ခင်မှုတွေနဲ့ အနောက်ဘက်ကနေ သိုင်းပြီး တင်းကြပ်စွာ ပွေ့ဖက်ထားတာမျိုးပါ။ ဒီအချိန်မှာ တစ်ဖက်လူရဲ့ စိတ်ထဲမှာလည်း သင့်ကို ပါးစပ်က ဖွင့်ဟနှစ်သိမ့်ပေးတာမျိုးမဟုတ်ဘဲ သင့်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြည့်ဝလာစေတယ်လို့ ခံစားရနိုင်တဲ့ ပွေ့ဖက်မှုမျိုးပါ။
၅။ စက်ဘီး၊ ဆိုင်ကယ်စတာတွေ စီးတဲ့အချိန်မှာ အနောက်ဘက်ကနေ ပွေ့ဖက်ထားတာမျိုးပါ။ ဒါဟာလည်း ပွေ့ဖက်ခြင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒီလို အနောက်ကနေ ဖက်ထားတာကြောင့် ကြောက်စိတ်နဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေနိုင်ပါတယ်။
၆။ မျက်နှာချင်းဆိုင်ထိုင်ရင်း ပွေ့ဖက်တာမျိုး၊ မိခင်က ကလေးငယ်ကို ပွေ့ဖက်တဲ့ပုံစံမျိုးတွေကြောင့် ကလေးငယ်တွေဟာ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေကို ပယ်ပျောက်စေနိုင်သလိုပဲ အကျိုးရလဒ်တွေ တူညီပါတယ်။ ဘယ်လိုပွေ့ဖက်ချင်းမျိုးပဲဖြစ်ဖြစ် သင့်အတွက် ကောင်းမွန်စေတာ အမှန်ပါပဲ။

ပွေ့ဖက်ခြင်း၏ အကျိုးကျေးဇူးများ

တစ်ဦးနဲ့ တစ်ဦး စကားမပြောဘဲ တိတ်ဆိတ်စွာနေပြီး ရှေ့ဆက်တာထက် စကားပြောလိုက်၊ ရန်ဖြစ်လိုက်၊ ပြန်လည်ပြေလည်သွားလိုက်ဖြစ်တတ်တဲ့ စုံတွဲတွေဟာ ပိုပြီးရေရှည်တည်တံ့ခိုင်မြဲကြသလိုပါပဲ။ တစ်ဦးနဲ့ တစ်ဦး ပွေ့ဖက်ရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းကြရတဲ့ စုံတွဲတွေက ပိုပြီး ခိုင်မြဲကြပါတယ်။ စိတ်ပိုင်းရော၊ ခန္ဓာကိုယ်၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေပါ ကောင်းမွန်စေတဲ့ အကျိုးရလဒ်တွေ ရှိပါတယ်။
၁။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်
နှလုံးရောဂါနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်စွမ်းအင်တွေကို တိုးစေပြီး ဖိစီးမှုတွေကို သက်သာစေနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ သွေးဖိအားတက်ခြင်း၊ ကျခြင်းတွေ အတွက်လည်း သက်ရောက်မှုရှိတာကြောင့် သဘာဝဖြည့်စွက်ဆေးတစ်လက်လိုပဲ အစွမ်းထက်လှပါတယ်။
၂။ လုပ်ငန်းခွင်အတွက်
တစ်ဦးနဲ့တစ်ဦး ရင်းနှီးကျွမ်းဝင်မှုနဲ့အတူ ပိုပြီးနီးစပ်မှု ရှိစေပါတယ်။ စိတ်ခံစားမှုတွေ ကောင်းမွန်နေတာကြောင့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေမှာ အဆင်ပြေချောမွေ့နေစေမှာပါ။ တစ်ဦးနဲ့ တစ်ဦးရဲ့ ခင်မင်ရင်းနှီးမှုကြောင့် လုပ်ငန်းခွင်ထဲက ဖိစီးမှုတွေလည်း ပပျောက်စေနိုင်မှာပါ။ စိတ်အနှောင့်အယှက်ကင်းတဲ့ သင်ရဲ့ လုပ်ငန်းခွင် အခြေအနေကြောင့် ဘဝရဲ့ အောင်မြင်မှုတစ်စိတ်တစ်ဒေသကို သင်က ပိုင်ဆိုင်နေပြီးသား ဖြစ်နေမှာပါ။
၃။ ကလေးငယ်များအတွက်
မိခင်ကဖြစ်စေ၊ ကလေးအုပ်ထိန်းသူကဖြစ်စေ၊ ကလေးငယ်တွေကို အိပ်ရာနိုးချိန်၊ အိပ်စက်ခါနီးအချိန်၊ ကျောင်းသွားချိန်နဲ့ ကျောင်းပြန်ချိန်၊ ကလေးငယ်ကြောက်လန့်ချိန်၊ မိုးခြိမ်းတဲ့အချိန် တွေမှာ ပွေ့ဖက်ပေးသင့်ပါတယ်။ ကလေးငယ်တွေဟာ ငယ်စဉ်ကတည်းက ပွင့်လင်းရိုးသားပြီး တက်ကြွစွာဘဝကို ဖြတ်သန်းနေပါမှ နောင်အနာဂတ်အတွက် တောက်ပတဲ့ ကြယ်တစ်ပွင့်ဖြစ်လာမှာပါ။ ဘဝကို ကြောက်ရွံ့မှု၊ အားငယ်မှုတွေနဲ့ ဖြတ်သန်းနေရမယ်ဆိုရင်တော့ ကလေးငယ်အတွက် အနာဂတ်ဟာ မလှပနိုင်ပါဘူး။ ဒါကြောင့် အိမ်က ကလေးလေးတွေကို ပွေ့ဖက်နမ်းရှုတ်ပါ။
၎။ သက်ကြီးရွယ်အိုများအတွက်
အသက်အရွယ်ကြီးတဲ့သူတွေဟာ အထီးကျန်ဆန်မှုတွေ၊ ပူပန်မှုတွေနဲ့အတူ အားငယ်နေတတ်ကြပါတယ်။ သူတို့တတွေနဲ့အတူ စကားပြောဆိုရင်း သူတို့ခံစားချက်တွေကို ပွေ့ဖက်နှစ်သိမ့််ပေးတာကြောင့် အသက်အရွယ်ကြီးရင့်တဲ့ အဘိုး၊ အဘွားတွေဟာ ပိုပြီးကျန်းမာနေစေပါတယ်။
၅။ စုံတွဲများအတွက်
လက်ထပ်ပြီးသား စုံတွဲတွေဟာ တစ်ဦးနဲ့ တစ်ဦး ပွေ့ဖက်ကြင်နာရင်းနဲ့ နှစ်ဦးကြားက ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးကို ကြာရှည်ထိန်းချုပ်ထားနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ပိုမိုရင်းနှီး ကျွမ်းဝင်စေတဲ့အပြင် ယုံကြည်မှုလည်း ပိုမိုစေပါတယ်။ ဒါ့အပြင် ပျော်ရွှင်စရာ ဂိမ်းပွဲလေးတွေ ဖန်တီးတာမျိုး၊ ဟာသပြောတာမျိုးနဲ့ ရင်းနှီးကျွမ်းဝင်မှုတွေ ပိုမိုခိုင်မြဲတည်တံ့လာနိုင်ပါတယ်။ ထာဝရချစ်ခင်နိုင်ကြပါစေ။

လမင်းလေး


Credit: The Chic Magazine

0 comments: