Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, January 21, 2012

နွေးထွေးတဲ့ထမင်းဝိုင်း


ဒီစာစုလေးက အဖြူအစိမ်းဝတ်နဲ့ ကျောင်းစာသင်ရတဲ့ အရွယ်မှာတုန်းက သင်ကြားခဲ့ဖူးတဲ့ ဟိုးကျောင်းသင်ခန်းစာ စာစုလေးနဲ့ သဘောသဘာဝချင်း ဆင်ပါတယ်။ သင်ခဲ့ရတဲ့စာက ကြာပြီဆိုတော့ လုံးစေ့ပတ်စေ့တော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် အဲဒီစာစုကနေပေးတဲ့ message ကိုတော့ ယနေ့ထိ မှတ်မိနေဆဲပါပဲ။ အဲဒါကြောင့် The Wooden Bowl ကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။

တစ်ခါက အားအင်ချည့်နဲ့နေတဲ့ အဘိုးအို တစ်ယောက်ဟာ သူ့ရဲ့သားဖြစ်သူ၊ သူ့ရဲ့ချွေးမနဲ့ လေးနှစ်အရွယ်ရှိပြီဖြစ်တဲ့ မြေးငယ်လေတို့နဲ့ အတူတကွ နေထိုင်ကြပါတယ်။ အဘိုးအိုဟာ အတော်အသက်ကြီးနေပြီဆိုတော့ လက်တွေ၊ ခြေထောက်တွေက တုန်ယင်ပြီး မျက်စိကလည်း အတော်ကို မှုနေရှာပါပြီ။ လမ်းလျှောက်တဲ့အခါ ဒယိမ်းဒယိုင်နဲ့ လဲကျတဲ့ အကြိမ်တွေလည်း မနည်းတော့ပါဘူး။ သူတို့ မိသားစုဟာ ညတိုင်း အတူတူ ထမင်းစားလေ့ရှိပါတယ်။ အဲဒီအခါ တစ်ယောက်နဲ့ တစ်ယောက် စကားပြောကြ ရယ်မောစားသောက်ကြနဲ့ မိသားစုရဲ့ ပျော်ရွှင်ဖွယ်စကားဝိုင်းမှာ အဘိုးအိုကတော့ နွားနို့တွေ ဖိတ်ကျလိုက်၊ ထမင်းတွေမှောက်ကျလိုက်၊ ဇွန်းတွေ ပြုတ်ကျ၊ ပန်းကန်တွေကျကွဲနဲ့ နေ့စဉ်ကို ဖြစ်နေပါတော့တယ်။ အဲဒီအခါ ပျော်ရွှင်စွာ စားသောက်နေကြတဲ့ သားနဲ့ ချွေးမဖြစ်သူဟာ သူတို့ရဲ့ ပျော်ရွှင်မှုတွေ ပျက်စီးစေတယ်။ အလုပ် ပိုစေတယ်လို့ ထင်တဲ့အတွက် အဘိုးအိုအတွက် တစ်ခုခုတော့ စီစဉ်မှ ဖြစ်တော့မယ်လို့ တွေးမိကြပါတယ်။

အဲဒီစိတ်ကူးကတော့ သူတို့ထမင်းဝိုင်းနဲ့ ခပ်လှမ်းလှမ်းမှာ အဘိုးအိုအတွက် သစ်သားစားပွဲငယ်တစ်ခုကို ခင်းပေးပြီး တစ်ယောက်တည်း ထမင်းစားစေတာပါပဲ။ ထမင်းစားတဲ့အခါလည်း အရင်လို မိသားစုစားတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ မဟုတ်ဘဲ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ထမင်းပန်းကန်ကို အသုံးပြုစေပါတယ်။ အကြောင်းကတော့ အဘိုးအိုဟာ လက်တုန် ခြေတုန် ဖြစ်တဲ့အတွက် ထမင်းပန်းကန်တွေ မကြာခဏကျကွဲ တာကြောင့် ဖြုန်းတီးသလို ဖြစ်တယ်လို့ ခံယူတာကြောင့်ပါ။ အဲဒီလိုနဲ့ အဘိုးအိုဟာ ရယ်သံတွေ ပျံ့လွင့်နေတဲ့ ထမင်းဝိုင်းရဲ့ ခပ်လှမ်းလှမ်းက မှောင်ကုပ်ကုပ်အခန်းထောင့်လေးမှာ တစ်ယောက်တည်း တိတ်ဆိတ်စွာ မျက်ရည်တွေနဲ့ ထမင်းစားနေရပါတော့တယ်။ ထမင်းပန်းကန်က သစ်သားနဲ့ ပြုလုပ်ထားတဲ့အတွက် ပန်းကန်ကျမကွဲတော့ပေမယ့် ဇွန်း ခက်ရင်းနဲ့ အစားအသောက်တွေကတော့ သိမ်းဆည်း ရှင်းလင်းပေးမယ့်သူမရှိဘဲ ပြန့်ကျဲနေတာပါပဲ။ အဲဒီမြင်ကွင်းကို လေးနှစ်သားအရွယ် မြေးငယ်က ငေးကြည့်နေပါတော့တယ်။

ဒီလိုနဲ့ ညနေခင်း တစ်ခုမှာတော့ ကလေးငယ်ဟာ ခြံထဲမှာ သစ်တိုသစ်စတွေနဲ့ အလုပ်ရှုပ်နေတာကို ဖခင်ဖြစ်သူ သတိထားမိလိုက်ပါတယ်။ ကစားစရာတွေ အများကြီးရှိရက်နဲ့ ဘာကြောင့် သစ်သားစတွေနဲ့ ဆော့ကစားပါလိမ့်လို့ နားမလည်နိုင်တဲ့ ဖခင်ဟာ သားဖြစ်သူကို
“သား... အဲဒါ ဘာလုပ်တာလဲကွ။ လက်တွေ ဘာတွေ ရှကုန်ဦးမယ်” လို့ လှမ်းပြောလိုက်ပါတယ်။
အဲဒီအခါ လေးနှစ်အရွယ်ကလေးငယ်က...
“ကျွန်တော် သစ်သားနဲ့ ထမင်းပန်းကန်လုပ်ဖို့ ကြိုးစားနေတာပါ အဖေ။ ဒါမှ အဖေနဲ့ အမေ အသက်ကြီးတဲ့အခါ ကျွန်တော် ကျွေးနိုင်မှာပေါ့” လို့ ကလေးသဘာဝအတိုင်း ပေါ့ပေါ့ပါးပါးပဲ အဖြေပြန်ပေးလိုက်ပြီး သူ့အလုပ်သူ ဆက်လုပ်နေပါတော့တယ်။ အတွေးများစွာ၊ နောင်တများစွာနဲ့ ကျန်ခဲ့တဲ့သူကတော့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူပါ။ လေးနှစ်အရွယ် သူ့သားရဲ့ အပြုအမူနဲ့ အပြောအဆိုဟာ သူ့အတွက်တော့ တုန်လှုပ်ခြောက်ခြားသွားစေပါတော့တယ်။

အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာတော့ အဘိုးအိုကို တစ်ယောက်တည်း ထမင်းမစားစေတော့ဘဲ မိသားစုနဲ့ စုံစုံညီညီ အရင်လိုပဲ ဝိုင်းဖွဲ့စားကြပါတော့တယ်။ ဇရာကြောင့် ဖြစ်လာတဲ့ သတိမေ့ခြင်း၊ ပစ္စည်းများ မကြာခဏ ကျကွဲခြင်းနဲ့ ခြေတုန်လက်တုန်နဲ့ လဲပြိုခြင်း စတာတွေကိုလည်း ဘယ်သူမှ မလွှဲရှောင်နိုင်တဲ့ အချိန်ယန္တရားကြောင့်လို့ နားလည်ပေးတဲ့ နောက်ဆုံးမှာတော့ နွေးထွေးပျော်ရွှင်တဲ့ ထမင်းဝိုင်းလေး ပြန်ရယူလိုက်နိုင်ကြပါပြီ။

စာစုလေးရဲ့ သဘောကတော့ ဒီလောက်ပါပဲ။ စာစုလေးရဲ့အဆုံးမှာ ကလေးငယ်တစ်ယောက်အတွက် မိသားစုဝင်တွေရဲ့ အပြုအမူအနေအထိုင်ကို အတုခိုးမှားတတ်စေတယ်။ အယူလွဲစေတယ်။ အကယ်၍များ ဒီစာစုထဲကလို အဖြစ်အပျက်အခြေအနေမျိုးရှိနေခဲ့ရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်လည်း တန်ပြန်ခံစားရတတ်စေတယ်ဆိုတာကို သတိပေးထားတဲ့ စာစုလေးပါ။ နွေးထွေးတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ကြပါစေ။


Wai


Credit: The Chic Magazine

(စကားချပ် - Wai ရေ... ဒီစာစုကို ဖတ်ပြီးတော့ မျက်ရည်ဝဲမိတယ်လို့ ဝန်ခံပါရစေ။ - သီဟ)


0 comments: