Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, January 20, 2012

မီဒီယာ


ကုမ္ပဏီတစ်ခုအနေဖြင့် မီဒီယာကို သုံးကို သုံးရမည့်အခြေအနေမျိုး ဖြစ်သည်။ မီဒီယာအဓိပ္ပာယ်သည် အလယ်အလတ် ကူးပြောင်းဆက်သွယ်ပေးသည့်အရာဟုလည်း ခေါ်ဆိုသည်။ နောက်ပိုင်းတော့ သတင်းနှင့် စာနယ်ဇင်းသမားတို့၏ မွေးစားစကားလုံးဖြစ်သွားသည်။ လုပ်ငန်းများအနေဖြင့် မီဒီယာသည် မရှိမဖြစ်ဟု ဆိုခြင်း မိမိထုတ်လုပ်သော ကုန်စည်များအနေဖြင့်  သတင်းအချက်အလက်ပေးပို့မည့်အရာမရှိလျှင် တစ်နည်းအားဖြင့် အကြောင်းကြားပေးမည့်အရာ လူဖြစ်စေ၊ နည်းပညာဖြစ်စေ၊ စက်ပစ္စည်းကိရိယာဖြစ်စေ တစ်ခုခုမှ မရှိခဲ့လျှင် သင့်လုပ်ငန်းသည် ဈေးကွက်တွင် အောင်မြင်စွာ လည်ပတ်နိုင်ရန်အတွက် အတော်အခက်အခဲ ရှိမည်သာဖြစ်သည်။ မီဒီယာတွင် သုံးသော ပစ္စည်းလည်း စုံကြသလို မီဒီယာကို သုံးသော လူများလည်း စုံကြသည့်သဘောကို တွေ့ရသည်။


လုပ်ငန်းများ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သောအခါတွင် အနည်းဆုံး ဆက်သွယ်ရမည့်လမ်းကြောင်းကြီး နှစ်ခု ကတော့ ရှိစမြဲဖြစ်သည်။ ဈေးကွက်စကားအရပြောလျှင် ဈေးကွက်နှစ်ခုဖြစ်သည်။ ကုန်ကြမ်းဈေးကွက်နှင့် ကုန်ချောဈေးကွက်တို့ပင်ဖြစ်သည်။ ကုန်ကြမ်းဈေးကွက်တွင် လုပ်အားဈေးကွက်လည်း ပါဝင်သလို နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုဈေးကွက်လည်း ပါဝင်သည်။ သွင်းအားစု ရယူခြင်းလောက်နှင့်သာ မလုံလောက်သေးပါ။ ထိုသွင်းအားစုကိုမည်သို့ သုံးမည်ဆိုသော နည်းပညာနှင့် သုံးတတ်သည့် ကျွမ်းကျင်သူပညာရှင်လည်း လိုအပ်ပါသည်။ ထိုအရာတို့ကို မည်သည့်နေရာတွင် ရှာနိုင်သည်ဟူသော အချက်အလက်များအတွက်လည်း မီဒီယာ လိုအပ်ပါမည်။ ထို့အတူပင် ထုတ်လုပ်ပြီးသော ကုန်စည်နှင့် ဝန်ဆောင်မှုတိုင်းကို ဈေးကွက်သို့ ဖြန့်ရန်အတွက်လည်း အရေးကြီးသည်။ အနည်းဆုံး စင်တာနှစ်ခု ဖြစ်ပေါ်လာတိုင်း ယင်းနှစ်ခု၏ကြားတွင် မီဒီယာရှိလာတတ်ပါသည်။ ထိုမီဒီယာကို ပိုင်နိုင်စွာ အသုံးချနိုင်သောလုပ်ငန်းသည် ပိုအားသာသော လုပ်ငန်းလည်း ဖြစ်လာတတ်ပါသည်။

များသောအားဖြင့် မီဒီယာကို ညွှန်းကြမည်ဆိုလျှင် ရုပ်မြင်သံကြား၊ ရေဒီယို၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ကက်တလောက်၊ တယ်လီဖုန်း၊ အွန်လိုင်း စသည်တို့ကိုသာ ညွှန်းဆိုလေ့ရှိကြပါသည်။ သို့သော်လည်း ထိုမီဒီယာတိုင်းတွင် အားသာချက်များလည်း ရှိသလို အားနည်းချက်များလည်း ရှိတတ်ပါသည်။ ထိရောက်မှု ရှိ မရှိဟူသောအချက်တိုင်းတာရာတွင် ကျခံလိုက်ရသည့် ကုန်ကျစရိတ်များ၊ စရိတ်နှင့်အညီ မည်မျှ ထိရောက်မှုရှိသည်ဟူသော အချက်များ၊ ထိရောက်သော ကြိမ်နှုန်းများနှင့် အကျိုးသက်ရောက်မှု စသည်တို့အပေါ်တွင်လည်း မူတည်နေပါသည်။ သတင်းပေးလိုသော အချက်နှင့် စေတနာတန်ဖိုးနှစ်ခု ပေါင်းစပ်ပြီးမှသာ မီဒီယာသည် လိုချင်သောအချက်ကိုလည်း ပေးသည်။ ပေးချင်သော သတင်းအချက်အလက်ကိုလည်း ပေးပါသည်။

ယင်းအချက်အလက်နှင့် ပတ်သက်ပြီး မီဒီယာတစ်ခုတွင် တွေ့ဖူးသည်။ လူ့စရိုက်တွင် အချိန်ကို သိချင်သော အချက်လည်း ပါဝင်သည်။ လက်မှာ နာရီပတ်ထားသည့်တိုင် တိုင်ကပ်နာရီမှ ပြဆိုသောအချိန်ကိုလည်း သိချင်ကြသည်။ များသောအားဖြင့် လေဆိပ်များတွင် လေယာဉ်ဆိုက်ရောက်ချိန်များကို ဖော်ပြသောအခါတွင် လေဆိပ်တွင် ရှိသော နာရီမှ ပြဆိုသော အချိန်အတိုင်း အလုပ်လုပ်ကိုင်ကြသောကြောင့် လေဆိပ်နာရီကိုသာ အလေးထားကြည့်ကြခြင်းဖြစ်သည်။ ထိုလေဆိပ်များတွင် တပ်ဆင်ထားသည့် နာရီများတွင် ယခင်အခါက စီးကရက်ကြော်ငြာများက နေရာယူထားလေ့ရှိပါသည်။

ထိုစဉ်က စီးကရက်အမည်နာမနှစ်မျိုးသည် စီးကရက်သောက်သုံးသူများကြားတွင် အပြိုင်အဆိုင် ကြော်ငြာလေ့ရှိသည်။ သို့သော်လည်း သူတို့ ကြော်ငြာသောနည်းလမ်း (မီဒီယမ် Medium) ကား မတူကြသော သဘောကို ကြော်ငြာများအရ သိနိုင်ပါသည်။ ကြော်ငြာတစ်မျိုးသည် သူ့စီးကရက်၏ အမှတ်တံဆိပ်အကြီးကြီးကို ပြထားပြီးနောက် ထောင့်တစ်ထောင့်တွင် နာရီကို တပ်ဆင်ထားသည်။ နောက်တစ်မျိုးကတော့ နာရီအကြီးကြီးကို တပ်ဆင်ထားပြီး နာရီ၏ အလယ်ဗဟိုနေရာတွင် သူ့စီးကရက်အမှတ်တံဆိပ်ကို တပ်ဆင်ထားရှိသော မတူညီသည့် ဒီဇိုင်း နှစ်မျိုး ဖြစ်သည်။ ပထမအမျိုးအစားသည် သူပေးချင်သော သူ့စီးကရက်အမှတ်သညာကို ပေးပြီးမှ အချိန်ကို သိသည့်အဖြစ်မျိုးသို့ ရောက်သွားသည်။ ဒုတိယအမျိုးအစားကား လူတို့သိချင်သော နာရီအချိန်ကို အသိပေးပြီးမှ အလယ်ဗဟိုရှိ သူပေးချင်သော သူ့စီးကရက်၏ အမှတ်သညာကို ပေးသည့် သဘောဖြစ်သည်။ အိုင်ဒီယာမကွာဟု ဆိုနိုင်သော်လည်း မီဒီယမ် (Medium) တော့ ကွာသည့်သဘောမျိုး တွေ့ရသည်။ ပထမအမျိုးသည် သူပေးလိုသော သတင်းကို ပေးပြီးမှ လူတွေလိုချင်သော အချိန်ကို ပေးခြင်းဖြစ်သည်။ ဒုတိယအမျိုးကတော့ လူတွေလိုချင်သော သိချင်သည့်အချိန်ကို ပေးပြီးမှ သူပေးချင်သော သူ့အမှတ်တံဆိပ် အင်ဖော်မေးရှင်းကို ပေးခြင်းဖြစ်သည်။

မည်သည့်အမျိုးအစားမီဒီယာတွင် မည်သည့်မီဒီယမ်က ကောင်းသည်ဟူသော အချက်တွင် ဒုတိယအမျိုးအစားသည် ကောင်းသည်ဟု ဆိုနိုင်သောလည်း ယင်းတွင်ပင်လျှင် ကန့်သတ်ချက်လည်း ရှိနိုင်ပါသေးသည်။ လူတိုင်းသိချင်သောအချိန်ဖြစ်နေသောကြောင့်သာ “အချိန်” ကို ဦးစားပေးလိုက်ရခြင်းကြောင့်သာ ကောင်းသည့်သဘောမျိုးဖြစ်သော်လည်း လူတိုင်းသိချင်သောအချက်သည် ယေဘုယျ သဘောဆန်ခြင်းကြောင့်သာ ဦးစားပေးသင့်သည့် သဘောဖြစ်သည်။ အကယ်၍များ သီးခြားသဘော (Specific) ဖြစ်လျှင်တော့ စဉ်းစားနိုင်ရမည်ဖြစ်သည်။ ကြော်ငြာခေတ်ဦးကာလများဆီက အချိုရည် ကြော်ငြာတစ်မျိုးသည် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ကြော်ငြာလေ့ရှိပါသည်။ နာမည်ကြီး ရုပ်ရှင်၊ ဗီဒီယို မင်းသမီးဖြင့် ရိုက်ကူးသော မီဒီယာဖြစ်သည်။ မင်းသမီး၏ လှုပ်ရှားမှုကို ပီပြင်အောင် ရိုက်ကူးနိုင်သောကြောင့် အချိုရည် ကောင်းသတင်းထက် မင်းသမီး ကောင်းသတင်း ပိုကောင်းလာသည်။ အချိုရည် ဈေးကွက်တွင် ပျောက်ကွယ်သွားပြီး မင်းသမီးကတော့ ကြော်ငြာဈေးကွက်တွင် ဈေးတက်သွားသည့် မီဒီယာမျိုးလည်း တွေ့ခဲ့ဖူးသည်။ သတင်းအချက်အလက်ပေးမှုအတွက် ကုန်ကျစရိတ်နှင့် အကျိုးသက်ရောက်မှုသည် မကာမိသည့် သဘောမျိုးဖြစ်သည်။

လိုရင်းမရောက်သော အင်ဖော်မေးရှင်းကိုလည်း တွေ့ခဲ့ရဖူးသည်။ ခင်မင်သူမိတ်ဆွေ တစ်ဦး၏ ကြော်ငြာကို ကြည့်ပြီး တလွဲတွေးမိတတ်သော မီဒီယာဖြစ်သည်။ မြေနီကုန်း တစ်နေရာတွင် နောက်ခံအနီဖြင့် ကြော်ငြာတစ်ခု တွေ့ဖူးပါလိမ့်မည်။ ဘယ်သူရဲ့ စီးတဲ့ “ကား” ထက်၊ စားတဲ့ “ဆန်” ကို သိချင်တယ် ဟူသော ဆိုင်းဘုတ်ကို ကြည့်ပြီး စာအုပ်ဆိုင်များတွင် ထိုစာအုပ်ထွက်ပြီလားဟူသော မေးခွန်းဖြင့် စာအုပ်သွားရှာသည်ကိုလည်း တွေ့ရဖူးပါသည်။ အမှန်မှာတော့ စာအုပ် ကြော်ငြာမဟုတ်ပါ။ ဆန်ကြော်ငြာတစ်ခုဖြစ်သည်ကို သူ မသိသောကြောင့်လည်း ဖြစ်သည်။

ကြော်ငြာသည် မည်သည့်အတွက် ကြော်ငြာသည်ဟူသော ရည်ရွယ်ချက် (Objectives) များလည်း ရှိရပါသည်။ သက်ဆိုင်သူများသည် သက်ဆိုင်သူအတွက်သာ ကြော်ငြာသော်လည်း မသက်ဆိုင်သူများအနေဖြင့် အူကြောင်ကြားစပ်စုတတ်ကြသည်လည်း တွေ့ဖူးပါသည်။ ဥပမာ ကြော်ငြာ ဆိုင်းဘုတ် (Billboard) ကြီးများတွင် Available Contact Phone Number xxxxxxxx ဟူသော လစ်လပ်သည့် သဘောမျိုးရေးသားထားသည်ကို တွေ့ရဖူးပါသည်။ ပြန်လာပြန်ပြီး “ဘာကို ရနိုင်တာလဲ” ဟူသော မေးခွန်းမျိုးများဖြင့် ဆယ်ကျော်သက်ကလေးများ၏ စူးစမ်းမှုသဘောမေးတတ်သည့် သဘောကိုလည်း တွေ့ရဖူးသည်။

အင်ဖော်မေးရှင်းကို စတိုင်လ်တစ်မျိုးဖြင့် ပေးခြင်းသဘောလည်း ပါမည် ထင်သည်။ သို့သော်လည်း မီဒီယာတွင် ပစ်မှတ်ကို မှန်အောင် ပစ်နိုင်လျှင် အကောင်းဆုံးဖြစ်မည်ထင်သည်။ ထို့အပြင် ကုန်စည်အမျိုးအစားနှင့် ဝန်ဆောင်မှုပေးနိုင်သော အလျော့အတင်း (Elasticity) ပေါ် မူတည်ပြီး မီဒီယာသဘောလည်း ပြောင်းလဲတတ်ပါသည်။ များသောအားဖြင့် အလျော့အတင်းများသော ကုန်စည်များ အစားထိုးမှုလွယ်ကူသော ကုန်စည်များ နှင့် ဝန်ဆောင်မှုများအတွက် လှည်းနေလှေအောင်း မြင်းဇောင်း မကျန် မီဒီယာဖွင့်သင့်သော်လည်း ထိုမီဒီယာမျိုးသည် မော်တော်ယာဉ်ပေါင်းစုံ၊ နံရံပေါင်းစုံ၊ ဓါတ်တိုင်မကျန် ကြော်ငြာများဖြင့် လုပ်ကိုင်တတ်ကြသော်လည်း အလျော့အတင်းနည်းသော ကုန်စည်နှင့် ဝန်ဆောင်မှုမျိုးအတွက်တော့ သီးသန့် ပစ်မှတ်အုပ်စုထားပြီး မီဒီယာလုပ်ကြသည်လည်း ရှိသည်။ ဝယ်ယူစားသုံးနိုင်သော အုပ်စုအတွက်သာ ပစ်မှတ်ထားပြီး သတင်းပေးလေ့ရှိသည် ကိုလည်း တွေ့ရတတ်ပါသည်။

မီဒီယာသမားများအားလုံးသည် သတင်းအချက်အလက်ပေးရာတွင် ကုန်ကျမည့် ကုန်ကျစရိတ်နှင့် ပြန်လာမည့် တုံ့ပြန်မှုကို အစဉ်တွက်ချက်လေ့ရှိသည်။ လုပ်ငန်းများအနေဖြင့်လည်း မီဒီယာအတွက် ကုန်ကျခံရကျိုးကို တွက်ချက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ခေတ်သစ် မီဒီယာလုပ်ငန်းသည် လူတိုင်းသိရန် မလိုသည့် သဘောဆောင်လာသည်။ လိုအပ်သော အုပ်စုထံ ရောက်ရှိရေးအတွက်သာ စဉ်းစားလာကြသည်။ လိုအပ်သောအုပ်စု ဆိုသည်မှာလည်း လိုအပ်မှု တကယ် ဟုတ် မဟုတ်ဆိုသည့်အပိုင်းလည်း ပါဝင်လာသည်။ မြန်မာစကားရှိသည်။ မရောင်ရာ ဆီလူးသည့် အဖြစ်မျိုး၊ အဖြစ်မခံကြတော့၊ ရောင်ရာ ဆီလူးမည်ဆိုလျှင်လည်း မည်သည့်ဆီမျိုး လူးရမည်ဆိုသည်ကိုပါ စဉ်းစားလာပြန်ပါသည်။ ထိုအတွက်လည်း မီဒီယာကို မဟာဗျူဟာမြောက် စဉ်းစားခြင်းဟု ခေါ်ကြသည်။ မဟာဗျူဟာမြောက် စဉ်းစားပြီးသည့်အချိန်တွင်လည်း ထိုမီဒီယာကို အကောင်အထည်ဖော်မည့်အုပ်စု (Mission) ကို စနစ်တကျလေ့ကျင့် ပျိုးထောင်ရပြန်ပါသည်။ ထိုအုပ်စုသည် လုပ်ငန်းတွင် မရှိတတ်သော်လည်း လုပ်ငန်းများအတွက် လုပ်ဆောင်ပေးမည့် သီးသန့်အဖွဲ့အစည်းများဖြင့် တည်ရှိတတ်ပြန်ပါသည်။ မီဒီယာအုပ်စုပင်လျှင် လုပ်ငန်းတစ်ခုအသွင်ဖြင့် ရပ်တည်လာသည့် သဘောသာ ဖြစ်သည်။ ထိုအုပ်စုကို သုံးတတ်သော စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက်တော့ အထက်က ဆိုခဲ့သလို တစ်ပန်းသာသည့် အခြေအနေမျိုးသို့ ရောက်ရှိနိုင်ပါသည်။

ဒေါက်တာ မောင်မောင်စိုး (ဘောဂဗေဒ)



Credit: အခွင့်အလမ်းဂျာနယ်

0 comments: