Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, January 07, 2012

အချစ်နဲ့ သဝန်တိုစိတ်


ချစ်ရင် သဝန်တိုတယ်။ သိပ်ချစ်ရင် သိပ်သဝန်တိုတယ်။ သဝန်တိုခြင်းနဲ့ အချစ်ဒီဂရီတိုင်းနေကြတယ်။ သဝန်မတိုရင် မချစ်တတ်သလိုပဲ။ ချစ်တယ်ထင်အောင် သဝန်တိုပြရမလို ဖြစ်နေတယ်။ တကယ်တော့ အဲဒီ သဝန်တိုတာကြောင့်ပဲ အချစ်မှာ အနှောင့်အယှက်တွေ အများကြီး ဖြစ်ရတယ်။

သဝန်တိုတော့ အထင်လွဲတယ်။ အမြင်မှားတယ်။ သံသယစိတ်တွေ အားကြီးတယ်။ စိတ်မထိန်းနိုင်ဖြစ်၊ ကြောင်းကျိုးမသိ၊ ပြောမိဆိုမိမှား၊ ထုမိရိုက်မိမှား အများကြီး စိတ်ဆင်းရဲရတယ်။ သဝန်တိုတတ်သူနဲ့ဆိုရင် အနေအထိုင်၊ အသွားအလာ၊ အပြောအဆို အားလုံး ဆင်ခြင်ရတယ်။ တစ်ချက်ကလေးမှားတာနဲ့ ပြဿနာတက်ရော။ ကြာတော့ စိတ်ပျက်စရာ ဖြစ်လာတယ်။


တချို့ဆိုရင် သဝန်တိုတာနဲ့ အိမ်ထောင်သာယာမှု ပျက်ရော။ တကျက်ကျက် ဖြစ်နေတယ်။ ကြည်နူးစရာ ပျော်စရာ မရှိတော့ဘူး။ အဲဒီကနေတစ်ဆင့် သဝန်တိုလွန်းရာက အိမ်ထောင်ကွဲသွားကြတာတွေလည်း အများကြီးပဲ။ သိပ်ဆိုးတဲ့ သဝန်တိုမှုတွေကျတော့ ရိုက်တာ၊ ထိုးတာ၊ ရာဇဝတ်မှုထိ ဖြစ်တယ်။ အဆိုးဆုံးကတော့ မစားရတဲ့အမဲ သဲနဲ့ ပက်ဆိုပြီး သတ်ကို ပစ်တာ။

စူဠသုဘဒ္ဒါလို အချစ်မျိုး၊ သဝန်တိုတာကစတာ။ နောက်တော့ အချစ်ကြီးလို့ အမျက်ကြီးတယ်တဲ့။ ခွင့်မလွှတ်နိုင်အောင် အမုန်းအငြိုးကြီးတယ်။ ကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန်ခံစားရတယ်။ စူဠသုဘဒ္ဒါ ဆိုရင် သဝန်တိုစိတ်၊ အချစ်ကြီးလို့ အမျက်ကြီးတဲ့စိတ်ကြောင့် မဖြေနိုင်၊ မဆည်နိုင်၊ ဆောက်တည်ရာမရ၊ ရင်ကွဲ နာကျသေရတယ်။ ဘယ်လောက်များ သဝန်တို၊ အမုန်းအငြိုးကြီးလိုက်သလဲ။ နောက်ဘဝထိလိုက်ပါသွားတယ်။ မပြီးနိုင်၊ မစီးနိုင် သံသရာပါတဲ့ အမျက်ဒေါသကြောင့် မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးဖြစ်။ ဘုရင့်မိဖုရားဘဝမှာ စည်းစိမ်ချမ်းသာ ခံစားနေရတာတောင် မပျော်နိုင်ဘူး။ ဆဒ္ဒန်ဆင်မင်းကို သတ်ဖို့ ကြံစည်တယ်။ သောနုတ္တရမုဆိုးကို လွှတ်ပြီး အစွယ်ဖြတ်၊ အသတ်ခိုင်းတယ်။ အဲဒီစွယ်တော်ကို မုဆိုးဆက်လို့ ရတော့လည်း အမျက်က ပြီးသွားပေမယ့် ကြေကွဲဝမ်းနည်းစိတ်နဲ့ ရင်ကွဲနာကျ သေရပြန်တယ်။

အချစ်ဆိုတာ လှပ၊ နုညက်၊ ကြည်နူးနှစ်သက်စရာ ဖြစ်ရမယ့်အစား သဝန်တိုစိတ်ကြောင့် အလှပျက်၊ အချစ်ပါပျက်၊ အမျက်အမုန်းတွေ ပြောင်းသွား၊ သူရောကိုယ်ပါ အကျိုးယုတ်လိုက်တာ။

အချစ်နဲ့ ပတ်သက်လို့ ဆင်ခြင်စရာ။ သဝန်တိုလွန်းရင် မကောင်းပါဘူး။ အချစ်ကြီးတာက ကောင်းပေမယ့် အမျက်ကြီးတာလည်း မကောင်းပါဘူး။ အမုန်းအာဃာတဆိုတာကတော့ အချစ်နဲ့ ဆန့်ကျင်ဘက်ကို ရောက်သွားပြီ။

ဒီလိုပြောတဲ့အတွက် အချစ်မှာ သဝန်တိုတာ လုံးဝ မရှိရတော့ဘူးလား။ ကိုယ့်ချစ်သူကို ရက်ရောနေရမှာလား။ ကျီးထိုးထိုး ခွေးစားစား လွှတ်ပေးထားရမှာလား။ အဲဒါဆိုတော့လည်း အချစ် မဟုတ်တော့ဘူး။ စိတ်ဝင်စားမှု နည်းလွန်းတယ်။ စိုးရိမ်မှု ကင်းလွန်းတယ်။ ဆားမပါတဲ့ ဟင်းလို ပေါ့ပျက်ပျက်။ ဘယ်ကောင်းမလဲ။ နောက်ဆုံးကျတော့ တစ်ယောက်နဲ့ တစ်ယောက် အထိန်းအသိမ်းမရှိတဲ့ ဘဝရောက်ပြီး အိမ်ထောင်ပြိုကွဲပျက်စီးတဲ့အဖြစ် ရောက်သွားကြတယ်။

အဲဒီလိုဖြစ်ကြတာလဲ အများကြီးတွေးဖူးပါတယ်။ ကိုယ့်ချစ်သူကို သိပ်ချစ်ရမှာပေါ့။ သိပ်ချစ်တာနဲ့ အမျှ အရိပ်တကြည့်ကြည့်ရှိရမှာပေါ့။ သဝန်တိုစရာတွေ တွေ့လာရင်တော့ သဝန်တိုရမှာပေါ့။ ပြောရဆိုရ သတိပေးရမှာပေါ့။ 

သဝန်တိုလွန်းရင် မကောင်းသလို၊ သဝန်တိုမှုမရှိတဲ့ အချစ်လည်း မကောင်းပါဘူး။ မျှတရမှာပေါ့။ သိပ်လည်း သဝန်မတိုနဲ့။ သဝန်မတိုဘဲလည်း မနေနဲ့။

လယ်တွင်းသားစောချစ်

Credit: Youth Magazine

0 comments: