Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, January 02, 2012

ရန်ကုန် (ကဗျာ)

(စကားချီး - ခါတိုင်း ကျွန်တော့ရဲ့ Blog မှာ ကျွန်တော်သိတဲ့ မိတ်ဆွေကလောင်ရှင်တချို့ရဲ့ စာလေးတွေ အများဆုံးတင်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခါ ကလောင်ရှင် ဝိုင်ချို ကိုတော့ ကျွန်တော် လူချင်း မသိပါဘူး။ ဒါပေမယ့် သူ့ကဗျာလေးကို မဂ္ဂဇင်းထဲ ဖတ်လိုက်ရတဲ့အချိန်မှာ သဘောကျသွားမိလို့ ကျွန်တော့ Blog အပေါ် ဆွဲတင် သိမ်းဆည်းလိုက်ရပါတယ်။)



ရုပ်ရှင်ရုံတွေလို
ရုပ်တွေက ရှင်တယ်ဆိုရုံလေး

ရန်ကင်းမှာ
ကမ္ဘာမြေ ရန်မကင်းကြောင်း သိရ။

လသာမှာ
ကမ္ဘာမြေ လမသာကြောင်း သိရ။

ကမ္ဘာအေးမှာ
ကမ္ဘာမြေ ကမ္ဘာမအေးကြောင်း သိရ။

လှည်းတန်းဆိုတာကလည်း ကားတန်းကြီးပါပဲ
လမ်းဆုံဆိုတာလည်း လမ်းခွဲကြီးပါပဲ
ဆူးလေဘုရားမှာ ဆူးလေတစ်ပင်မှမရှိ
ပန်းပဲတန်းမှာ ပန်းပဲဖိုတွေ ရှိမရှိ
ကျောက်တံတားရဲ့ ကွန်ကရစ်တံတားပေါ်မှာ
အလုံဟာ တကယ်လုံရဲ့လား တွေးနေမိ။

တကယ်တမ်း
သေရည်မဟုတ်ဘူးဆိုခဲ့ရင်
ဘီယာဆိုတာ ဘာရည်လဲ။
လရောင်မှာ လောင်ရတဲ့ဘဝတွေကြား
မိုက်လည်း မမိုက်ပါဘူးကွာ
ရန်ကုန်မှာ ကုန်ရန်တွေ အဆက်ဆက်နဲ့။

ကိုယ်တွေက နွေဆိုတော့လည်း
မိုးမှာမိုးကိုပဲ မိုးပြီးတော့
ဆောင်းမှာ ဆောင်းလိုပဲ ဆောင်းထားရင်း
နှောင်ကြိုးနဲ့ လောကဓံရိုက်ချက်တွေအကြား
လူအဖြစ် တလူလူလွင့်နေရတယ်။      ။

ဝိုင်ချို


Credit: မဟေသီ ရုပ်စုံမဂ္ဂဇင်း

0 comments: