Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, January 07, 2012

အလုပ်လျှောက်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်


HR ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်သက် ၉ နှစ်ကျော် ကာလအတွင်း အလုပ်လျှောက်သူ (Applicant) တွေရဲ့ ကိုယ်ရေးရာဇဝင် (ဝါ) CV (Curriculum Vitae) ပေါင်း သောင်းနဲ့ချီပြီး စိစစ်ခဲ့ဖူးပါတယ်။ အဲဒီလို စိစစ်ခဲ့တဲ့အခါမှာ အလုပ်လျှောက်သူတွေအတွက် လိုက်နာဆောင်ရွက်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို တွေ့ရှိခဲ့ပါတယ်။ အလုပ်တစ်ခုကို လျှောက်တော့မယ် ဆိုရင် အောက်ဖော်ပြပါအချက်အလက်တွေကို အထူးဂရုပြုဆောင်ရွက် စေလိုပါတယ်။


ဆောင်ရန်

  • အလုပ်လျှောက်တော့မယ်ဆိုရင် CV ကို မိမိရဲ့ အလုပ်လျှောက်လွှာ (Application Letter) နဲ့အတူ ပူးတွဲ လျှောက်ထားပါ။ ယနေ့ခေတ် အလုပ်လျှောက်သူအများစုဟာ အလုပ်လျှောက်လွှာမပါဘဲ CV တစ်ခုတည်း ကိုသာ တင်လေ့ရှိပါတယ်။ CV ဟာ Curriculum Vitae လို့ခေါ်တဲ့ ကိုယ်ရေးရာဇဝင်သာ ဖြစ်ပါတယ်။ အလုပ်လျှောက်လွှာမဟုတ်ဘူးဆိုတာ သတိပြုစေလိုပါတယ်။
  • အလုပ်လျှောက်လွှာကိုလည်း ဖြစ်နိုင်ရင် ကွန်ပျူတာနဲ့ ရိုက်စေချင်ပါတယ်။ ဒါပေမယ့်လည်း အချို့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေက အလုပ်လျှောက်လွှာကို လက်ရေးနဲ့ ရေးပါလို့ အလုပ်ကြော်ငြာစာ (Vacancy Announcement) မှာ ဖော်ပြထားရင်တော့ လက်ရေးနဲ့ ရေးရမှာ ဖြစ်ပါတယ်။ အချို့က တလွဲတွေးတတ်ကြပါတယ်။ အခု ကွန်ပျူတာခေတ်ကြီးမှာ လက်ရေးနဲ့ ရေးခိုင်းနေသေးတယ်။ တော်တော် ထူးဆန်းတာပဲလို့။ အဲလို မတွေးလိုက်ပါနဲ့။ လျှောက်လွှာရှင်ရဲ့ လက်ရေးလက်သားကို ကြည့်ချင်လို့ အဲဒီလို ထည့်ရေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရေးလှတဲ့သူကို အကူအညီတောင်းပြီး အလုပ်လျှောက်လွှာကို မရေးခိုင်းပါနဲ့။ Graphology လို့ ခေါ်တဲ့ လက်ရေးကို လေ့လာတဲ့ပညာအရ လူတစ်ယောက်ရဲ့ လက်ရေးလက်သားကို လေ့လာကြည့်ရှုခြင်းအားဖြင့် သူ့ရဲ့ စိတ်နေသဘောထား၊ စရိုက်လက္ခဏာ စတာတွေကို သိရှိနိုင်ပါတယ်။ ဒါကြောင့် မိမိလက်ရေးနဲ့ပဲ ရေးရမှာ ဖြစ်ပါတယ်။ အလုပ်ကြော်ငြာစာမှာ အဲဒီလို ပါနေရင်တော့ မိမိရဲ့ အလုပ်လျှောက်လွှာကို လက်ရေးနဲ့ သပ်သပ်ရပ်ရပ် ရေးပြီး၊ CV ကိုတော့ ကွန်ပျူတာနဲ့ ရိုက်ရင် ရပါတယ်။
  • အလုပ်လျှောက်လွှာ၊ CV တို့နဲ့အတူ မိမိရရှိထားတဲ့ ပညာအရည်အချင်း၊ ဘွဲ့၊ ဒီဂရီအောင်လက်မှတ်များ၊ မိမိတတ်ကျွမ်းထားတဲ့ အတတ်ပညာဆိုင်ရာ လက်မှတ်များ၊ မိမိ တက်ရောက်လေ့လာခဲ့ဖူးတဲ့ သင်တန်းလက်မှတ်များနဲ့ ယခင်က မိမိအလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီ အဖွဲ့အစည်းများမှ ထောက်ခံစာများကို မိတ္တူတစ်စောင်စီ ကူးပြီး ပူးတွဲတင်ပြလျှောက်ထားရပါမယ်။ ဒါပေမယ့်လည်း အချို့သောအလုပ်လျှောက်သူများကတော့ အလုပ်လျှောက်လွှာနဲ့ CV ကိုသာ တင်ပြလေ့ရှိပြီး သက်ဆိုင်ရာ မိမိရရှိထားတဲ့ ဘွဲ့၊ ဒီဂရီအောင်လက်မှတ် မိတ္တူများ၊ တတ်ကျွမ်းထားတဲ့ အတတ်ပညာဆိုင်ရာ လက်မှတ်မိတ္တူများ၊ တက်ရောက်လေ့လာခဲ့ဖူးတဲ့ သင်တန်း လက်မှတ်မိတ္တူများ နဲ့ မိမိယခင်က အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတို့က ထောက်ခံစာ မိတ္တူတွေကိုတော့ ပူးတွဲ မတင်ပြကြပါဘူး။ အဲဒါကလည်း အင်တာဗျူးမှာမှ တင်ပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒီနေရာမှာ HR အမြင်က ပြောရမယ်ဆိုရင်တော့ အထက်မှာ ဖော်ပြထားတဲ့ အောင်လက်မှတ်၊ အထောက်အထားမိတ္တူများ ပူးတွဲပါနေမှသာလျှင် အင်တာဗျူးပါဖို့အတွက် ပဏာမ ရွေးချယ်မှု (Initial screening) ပြုလုပ်ရာမှာ များစွာ အထောက်အကူဖြစ်ပြီး ပဏာမရွေးချယ်ခံရသူ စာရင်း (Shortlist) မှာ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိလျှောက်ထားတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ လက်မှတ်များကို မိတ္တူပူးတွဲထည့်ပေးပါလို့ အသိပေးလိုပါတယ်။ သက်ဆိုင်ရာ လက်မှတ်များကို မိတ္တူကူးတဲ့အခါမှာလည်း စက္ကူအရွယ်အစား (Size) တစ်မျိုးတည်း ဖြစ်သင့်ပါတယ်။ (ဥပမာ- နိုင်ငံသား စိစစ်ရေးကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းကတ် စတာတွေကို မိတ္တူကူးရာမှာလည်း A-4 Size နဲ့သာ ကူးသင့်ပါတယ်)။ အခုခေတ်မှာ ရုံးသုံးစက္ကူအရွယ်အစားက A-4 Size ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတလေမှာ A-4 Size, A-5 Size, Legal Size နဲ့ Foolscap Size စက္ကူတွေ ရောပြီး ပူးတွဲပေးပို့လာတတ်တဲ့ အလုပ်လျှောက်လွှာတွေ တွေ့ဖူးပါတယ်။
  • အလုပ်လျှောက်ထားရာမှာ လိုက်နာသင့်တဲ့ နောက်အချက်တစ်ချက်ကတော့ အလုပ်လျှောက်ထားသူရဲ့ လတ်တလော ရိုက်ထားတဲ့ ဓါတ်ပုံကို အလုပ်ကြော်ငြာစာမှာ ဖော်ပြထားတဲ့ အရွယ်အစားအတိုင်း ပူးတွဲထည့်ပေးရပါမယ်။ (တချို့ အလုပ်ကြော်ငြာစာမှာ ဓါတ်ပုံအရွယ်အစား မဖော်ပြထားပါ။)

ရှောင်ရန်
  • အလုပ်လျှောက်လွှာ (Application Letter) မပါဘဲ CV တစ်ခုတည်းနဲ့ အလုပ်မလျှောက်သင့်ပါ။ (CV တစ်ခုတည်းတင်လိုက်တဲ့အခါ အလုပ်လျှောက်သူဟာ ကြော်ငြာတဲ့အလုပ်ကို စိတ်ဝင်စားမှု မရှိဘဲ သူများလျှောက်လို့ ဒါမှမဟုတ် လမ်းကြုံလို့ CV ဝင်တင်သွားတာလို့ အလုပ်ရှင်ဘက်က မှတ်ယူသွားနိုင်ပါတယ်။)
  • မိမိရရှိထားတဲ့ ပညာအရည်အချင်း ဘွဲ့၊ ဒီဂရီ အောင်လက်မှတ်မိတ္တူများ၊ တတ်ကျွမ်းထားတဲ့ အတတ်ပညာဆိုင်ရာ လက်မှတ်မိတ္တူများ၊ တက်ရောက်လေ့လာခဲ့ဖူးတဲ့ သင်တန်းလက်မှတ်မိတ္တူများနဲ့ မိမိ ယခင်က အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ ထောက်ခံစာမိတ္တူများ ပူးတွဲမပါဘဲ၊ CV တစ်ခုတည်းနှင့် အလုပ်မလျှောက်သင့်ပါ။ ဒီနေရာမှာ လက်မှတ်မူရင်းများကို လုံးဝ (လုံးဝ) ပူးတွဲ မထည့်မိအောင် သတိပြုစေလိုပါတယ်။ (အလုပ်ကို တစ်ခါမှ မလျှောက်ဖူးသူများ ဖြစ်လေ့ဖြစ်ထ ရှိတတ်လို့ အသိပေးရတာ ဖြစ်ပါတယ်။)
  • မိမိလျှောက်ထားတဲ့အလုပ်နဲ့  လုံးဝ (လုံးဝ) မသက်ဆိုင်တဲ့ လက်မှတ်များ၊ စာရွက်စာတမ်းများ၊ ဓါတ်ပုံများ (ဥပမာ- မိမိ ဖခင်ရဲ့ လိပ်စာကတ် (Visiting Card) များ၊ နိုင်ငံကူးလက်မှတ် (Passport) မိတ္တူ (ပြည်တွင်းအလုပ်လျှောက်ထားရာတွင် မလိုပါ)၊ မိသားစု ဓါတ်ပုံ၊ ရပ်ကွက်၊ မြို့နယ်အတွင်း မိမိပါဝင်ဆောင်ရွက်ခဲ့သော လုပ်အားပေး ဆောင်ရွက်မှု ဓါတ်ပုံကြီးများ) ကို အလုပ်လျှောက်ထားရာမှာ ပူးတွဲ ထည့်မပေးပါနဲ့။
  • အလုပ်လျှောက်လွှာနဲ့ CV ပေါ်မှာ ဖျက်ဆေး (Correction Pen or Correction Tape) သုံးထားတာတွေဟာ အလုပ်လျှောက်သူအပေါ် Impression ကို ထိခိုက်စေနိုင်တာကြောင့် တတ်နိုင်သမျှ စစ်ဆေးပြီးမှ Print Out ထုတ်သင့်ပါတယ်။
  • ဓါတ်ပုံနဲ့ ပတ်သက်လို့ ဟောင်းနွမ်းသောဓါတ်ပုံများ၊ Seal တံဆိပ်နှိပ်ထားပြီးသော ဓါတ်ပုံများဟောင်းများ၊ မပီပြင် မထင်ရှားသော ဓါတ်ပုံများနှင့် ငယ်ရွယ်စဉ် ကျောင်းပြီးစ ဓါတ်ပုံများကို လုံးဝ (လုံးဝ) အသုံးမပြုစေလိုပါ။

အလုပ်လျှောက်ထားတာနဲ့ ပတ်သက်ပြီး အရမ်းကို စည်ကမ်းတကျ တိတိကျကျ ဆောင်ရွက်လေ့ရှိတဲ့ HR ဌာနရှိတဲ့ ကုမ္ပဏီကြီး၊ အဖွဲ့အစည်းကြီးတွေမှာဆိုရင် မပြည့်စုံတဲ့ အလုပ်လျှောက်လွှာတွေကို ပဏာမရွေးချယ်မှု (Initial screening) အဆင့်မှာကတည်းက ပယ်ချလေ့ရှိပါတယ်။ ဒါကြောင့် အရည်အချင်းတူတဲ့ သူငယ်ချင်း နှစ်ယောက် ကုမ္ပဏီ၊ အဖွဲ့အစည်းတစ်ခုတည်းမှာ အလုပ်လျှောက်ပေမယ့် ပြည့်စုံတိကျစွာ အလုပ်လျှောက်လွှာတင်သူက ပဏာမရွေးချယ်ခံရသူစာရင်း (Shortlist) မှာပါပြီး မပြည့်စုံ၊ မတိကျတဲ့ အလုပ်လျှောက်လွှာတင်သူကတော့ အရွေးမခံရတာတွေ ဖြစ်နိုင်ပါတယ်။

မိမိရဲ့ CV မှာပါဝင်တဲ့ အကြောင်းအရာ၊ အချက်အလက်များရဲ့ မှန်ကန်မှုများဟာ အလုပ်လျှောက်သူရဲ့ တာဝန်ဖြစ်ပါတယ်။ မှန်ကန်တိကျမှုရှိဖို့နဲ့ လိမ်ညာဖော်ပြမှုကင်းစင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ထို့အတူပဲ အလုပ်ရှင်များအနေနဲ့လည်း မိမိတို့ ကုမ္ပဏီ၊ အဖွဲ့အစည်းကို အလုပ်လာလျှောက်သူများရဲ့ အလုပ်လျှောက်လွှာနဲ့ CV ကိုကြည့်ပြီး ပြည့်စုံမှန်ကန်မှု ရှိ၊ မရှိ၊ အလုပ်အပေါ် စိတ်ဝင်စားမှု ရှိ၊ မရှိ ကြိုတင် ခန့်မှန်းစိစစ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မိမိဘဝအတွက် အရေးကြီးတဲ့ အလုပ်တစ်ခုကို စတင် လျှောက်ထားတော့မယ်ဆိုရင် ပြည့်စုံမှန်ကန်တိကျအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အုန်းဝမ် (ရန်ကုန်တက္ကသိုလ်)

(စကားချပ် - ဆရာ ဦးအုန်းဝမ် ဟာ ခု လက်ရှိတော့ INGO တစ်ခုရဲ့ HR ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးဖြစ်ပြီး ကျွန်တော်နဲ့လည်း ခင်မင်ပါတယ်။ သဘော၊ မနော ကောင်းတဲ့ ဆရာ ဦးအုန်းဝမ်ဟာ ဒီလို အလုပ်နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးပေါင်းများစွာကို အခွင့်အလမ်း ဂျာနယ်မှာ ရေးသားခဲ့ပါတယ်။ ကျွန်တော့ကိုလည်း ဆရာကိုယ်တိုင် အမှတ်တယ လက်မှတ်ထိုးပေးထားတဲ့ သူ့ဆောင်းပါးပေါင်းချုပ် မိတ္တူလေးတစ်စုံ လက်ဆောင်ပေးဖူးလို့ ကျေးဇူးတင်ရပါတယ်။ ခု ဒီဆောင်းပါးလေးကို အလုပ်လျှောက်ခါနီးတိုင်း ဖတ်ဖြစ်တဲ့အပြင် လုပ်ငန်းခွင်ဝင်ဖို့ ပြင်နေကြတဲ့သူတွေလည်း လေ့လာနိုင်အောင်လို့ ဆရာ့ရဲ့ လက်ဆောင်မိတ္တူလေးထဲကနေ ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။)

0 comments: