ဒီည အရမ်းအေးတယ်။
လမ်းက မဆုံးသေးဘူး လျှောက်ရဦးမယ်။
အချစ်ကို ခလုတ်တိုက်ဖူးလို့ နာကျင်နေတဲ့ နှလုံးသားလေးက လမ်းသလားရမှာ အရမ်းကြောက်နေတယ်။
ခလုတ်သေးသေးလေးဆိုပေမယ့်လည်း ထိမိရင်တော့ နာကျင်တတ်တယ်တဲ့လား။
ဘာကြောင့်ချစ်တတ်တာလဲ... မေ့ထားလို့လည်း ရတာပဲမို့လားလို့ ဦးနှောက်က စကားတွေ ပြောနေတဲ့တိုင်
နှလုံးသားက တုတ်တုတ်မလှုပ်ဘူး။
ဒီည အရမ်းအေးနေတယ်။
လမ်းက မဆုံးသေးဘူး လျှောက်ရဦးမယ်။
သူတိုက်ခဲ့ဖူးတဲ့ သွားတိုက်တံလေးကို တမြတ်တနိုး သိမ်းထားခဲ့တာ အချစ်လား။ ရူးနှမ်းတာလား။
နှလုံးသားရဲ့အလိုကို မလိုက်ရဲတဲ့သူကိုလည်း အပြစ်က မဆိုသာဘူး။
ငါ နားလည်တတ်လွန်းတယ်လို့လည်း သိပ်အမွှမ်းမတင်ပါနဲ့။ မတတ်သာလို့ရယ်ပါ။
သူတိုက်ခဲ့ဖူးတဲ့သွားတိုက်တံလေးကိုတော့ သူပြန်လာရင် အဆင်သင့်သုံးနိုင်အောင် သန့်စင်ပေးနေဆဲ။
ဒီည သိပ်အေးလွန်းနေတယ်။
လမ်းက မဆုံးသေးဘူး လျှောက်ရဦးမယ်။
မြင်နေကျပုံရိပ်တွေက ပြောင်းသွားပေမယ့် မပြောင်းလဲဘဲ ရှင်သန်နေတာက သူ့မျက်နှာပုံရိပ်တစ်ခုတည်း။
အခါခါ ကြည့်နေကျ ဖုန်းလေးထဲက သူလွမ်းနေတုန်းရိုက်ထားတဲ့ ဓါတ်ပုံလေးဆိုတာကပဲ ငါ့ကို လွမ်းနေတော့တာလား မေးကြည့်မိတယ်။ ဦးနှောက်က လက်ခံတဲ့အဆိုကို နှလုံးသားက အပြင်းအထန် ကန့်ကွက်တုန်း။ မဟုတ်ဘူး။ သူလည်း ထပ်တူ ကြေကွဲလွမ်းဆွတ်နေပါတယ်တဲ့။ ဟုတ်ပါစေ။
ဘာလို့ ဒီည ရန်ကုန်က အေးစက်နေရတာလဲ။
လမ်းကလည်း မဆုံးသေးဘူး လျှောက်ရဦးမယ်။
တစ်ချိန်က ချစ်ခွန်းသီခဲ့ဖူးတဲ့ စာတိုလေးတွေကို သတိရတိုင်းဖတ် ကြည်နူးရင်း ဘယ်အချိန် စာတိုတစ်စောင် ပြန်ဝင်လာမလဲ မျှော်နေမိတုန်း။ သူ့အတွက် သီးသန့်ထည့်ထားတဲ့ Ringtone လေးကိုတော့ မကြားရတာ နှစ်ပတ်လည်တော့မယ်။ ညှို့နိုင်လွန်းတဲ့ ကျွန်တော့ချစ်သူရယ်။
ဒီညလို သိပ်အေးတဲ့ ညတွေ အရင်က ဘယ်ရောက်နေလဲ။
လမ်းကတော့ မဆုံးသေးဘူး ဆက်လျှောက်ရဦးမယ်။
နွေပူပူမှာတောင် နှစ်ဦးသားလက်တွေ ချွေးတွေစိုနေပါစေ မခွာတမ်း တွဲလျှောက်ခဲ့ဖူးပေမယ့် ခုလို အေးစက်တဲ့ညနေခင်းမှာတော့ ထွေးပွေ့ထားဖို့ကလည်း အကြောင်းတရားပေါင်းစုံက ဝေးကွာစေပြန်တယ်။ ရင်ခုန်သံတွေကလည်း နွှေးပေးဖို့လိုနေပြီ။ အချစ်ဆိုတဲ့ မီးတောက်လေးက အနားမှာမရှိလေတော့။
ဒီည အရမ်းအေးတယ်။
လမ်းက မဆုံးသေးတော့ ဆက်လျှောက်ရဦးမယ်။
နံနက်ခင်း မျက်လုံးအဖွင့်မှာ အရင်လို မြင်ချင်တဲ့ မျက်နှာလေးကို မွှေးမြခွင့်ရဦးမလား။
ဒီညလို အေးမြတဲ့ညတွေလည်း ချစ်သူနဲ့နွေးထွေးချိန်မှာ ရှိနိုင်ဦးမှာလား။
လမ်းကတော့ မဆုံးသေးပါဘူး။ ဆက်လျှောက်ရဦးမှာပါလေ။
သီဟလုလင်
4 comments:
လမ်းမဆုံးသေရင် ဆက်လျှောက်ပါကွယ်
ပန်းတိုင်တွေနိုင်ပါတယ်
အားပေးသွားပါတယ်
ဟုတ်တယ်ဗျာ
လမ်းကတော့ မဆုံးသေးပါဘူး။ ဆက်လျှောက်ရဦးမှာပါ ။
ဒီည အရမ်းအေးတယ်။
လမ်းက မဆုံးသေးတော့ ဆက်လျှောက်ရဦးမယ်။
နံနက်ခင်း မျက်လုံးအဖွင့်မှာ အရင်လို မြင်ချင်တဲ့ မျက်နှာလေးကို မွှေးမြခွင့်ရဦးမလား။
ဒီညလို အေးမြတဲ့ညတွေလည်း ချစ်သူနဲ့နွေးထွေးချိန်မှာ ရှိနိုင်ဦးမှာလား။
လမ်းကတော့ မဆုံးသေးပါဘူး။ ဆက်လျှောက်ရဦးမှာပါလေ။
ဒီစာသားလေးကိုအရမ်းကြိုက်တယ်...ဟုတ်တယ်..လမ်းတွေကတော့ဆက်လျှောက်နေရအုံးမှာပါပဲ....ကျွန်တော့်အတွက်ကတော့ ဘေးနားမှာဘယ်သူမှမရှိတဲ့ လမ်းတွေကို မျှော်လင့်ချက်တွေ ၊ စိုးရိမ်မှုတွေ၊အထီးကျန်ဆန်မှုတွေကို အဖော်ပြုပြီး ဆက်လျှောက်နေရမှာပါပဲ.....
မသေသေးသရွေ့တော့ မျှော်လင့်ခွင့်ရှိတယ်
ဒီည အရမ်းအေးပေမယ့်
မနက်ဖြန်ညတွေ
နွေးထွေးချင်လည်း နွေးထွေးနေမှာပါ အစ်ကိုရေ
Post a Comment